လက်ထပ်ပြီးနောက်မှာ မိသားစုနှစ်ခုလုံးနဲ့ အဆင်ပြေအောင် ဆောင်ရန်ရှောင်ရန်များ

ရာသက်ပန်ရိုးမြေကျ အတူတူနေထိုင်ဖို့ ဆုံးဖြတ်ပြီး လက်ထပ်လိုက်ကြတဲ့ ဇနီးမောင်နှံတို့ရေ။ ဂုဏ်ယူဝမ်းမြောက်ပါတယ်နော်။ လူတစ်ယောက်နဲ့တစ်ယောက် လက်ထပ်တယ်ဆိုတာ မိသားစုတစ်စုနဲ့ တစ်စု ပေါင်းစည်းတာပဲမဟုတ်ပါလား။ ဒီတော့ လက်ထပ်ပြီးနောက်မှာ ကိုယ့်မိသားစုနဲ့ရော အိမ်ထောင်ဖက်ရဲ့ မိသားစုနဲ့ပါ အဆင်ပြေအောင် ဆောင်ရန်ရှောင်ရန်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

(၁)ကိုယ်ဟာ သားသမီးကောင်းဖြစ်ချင်သလိုပဲ ကိုယ့်အိမ်ထောင်ဖက်ဟာလည်း သားသမီးကောင်းဖြစ်ချင်တာကို နားလည်ပေးပါ။

သူတို့ရဲ့ မိသားစုပုံစံဟာ ကိုယ့်ရဲ့မိသားစုပုံစံနဲ့ မတူနိုင်တာကို နားလည်လက်ခံပေးရပါမယ်။


(၂)ယောက္ခမတွေ၊ ယောက်မတွေနဲ့ ရင်းနှီးအောင်လုပ်ဖို့ အချိန်ပေးပါ။ တမြို့တည်းနေတာမဟုတ်ရင် တောင် စာရေး၊ ဖုန်းဆက်၊ အီးမေးလ်ပို့ပါ။

တစ်ခုခု အဆင်မပြေတာရှိလာရင် စိတ်မဆိုးမိပါစေနဲ့။ သူတို့ရဲ့မိသားစုပုံစံကို နားမလည်သေးလို့ အဆင်မပြေတာမျိုး ဖြစ်တတ်တာမို့ပါ။

(၃)အိမ်ထောင်ဖက်ကို သူ့ရဲ့ မိသားစုထုံးတမ်းစဉ်လာတွေ၊ အမူအကျင့်တွေကို မေးမြန်းပါ။ သူ့အမေက မမျှော်လင့်ပဲ လက်ဆောင်ရတာကြိုက်တတ်လား။ ဘယ်လိုအစားအစာတွေ ကြိုက်တတ်လဲ။ သူတို့က ဘယ်လိုမျိုးဟာသတွေကို ရယ်မောတတ်လဲ။ သူတို့ရှေ့မှာ နိုင်ငံရေး၊ ဘာသာရေးပြောတာ ကြိုက်ရဲ့လား ဆိုတာတွေ မေးမြန်းမှတ်သားပါ။

သူတို့မိသားစုရဲ့ အမူအကျင့်နဲ့ပတ်သက်ပြီး ဝေဖန်တာတွေ လုံး၀ မလုပ်မိပါစေနဲ့။ တကယ်လို့ ကိုယ့်စိတ်ထဲ ထူးဆန်းနေတာမျိုးရှိရင် သေချာရှင်းပြပေးဖို့ အိမ်ထောင်ဖက်ကို ပြောပါ။

(၄)ယဉ်ကျေးပျူငှာစွာ ပြောဆိုပါ။ သူတို့နဲ့အတူရှိနေချိန်မှာ အတတ်နိုင်ဆုံး ပြုံးရွှင်ကြည်လင်တဲ့ အမူအရာရှိရပါမယ်။

ကိုယ့်ခံစားချက်ကို အလိုအလျှောက် သူတို့နားလည်လိမ့်မယ်လို့ မထင်ထားပါနဲ့။ သူတို့က ကိုယ့်ကို အခုမှသိလာတာဖြစ်တဲ့အတွက် နားလည်ဖို့မဖြစ်နိုင်ပါဘူး။ ဒီတော့ သူတို့ရဲ့ဝေဖန်ချက် တွေ၊ တုံ့ပြန်မှုတွေကိုလည်း စိတ်ထဲမခံစားပါနဲ့။

(၅)ယောက္ခမတွေနဲ့ ယောက်မတွေ၊ ယောက်ဖတွေနဲ့ သင့်တင့်ဖို့ကိုပဲ အာရုံစိုက်မိပြီး မိမိရဲ့ အိမ်ထောင်ဖက်ကို ဂရုမစိုက်သလိုဖြစ်သွားတာမျိုးကို လုံးဝရှောင်ရှားရပါမယ်။ ကိုယ်တို့ နှစ်ယောက်ရဲ့ ချစ်မေတ္တာရေးက အရေးကြီးဆုံးဖြစ်ပြီး ကျန်တာက ဒုတိယဖြစ်ကြောင်း သိထားရပါမယ်။

မိမိရဲ့မိဘအိမ်မှာ နေစဉ်ကာလမှာလည်း အိမ်ထောင်ဖက်ကို လုံးဝလျစ်လျူမရှုမိပါစေနဲ့။ မိသားစုတွေနဲ့ ဘယ်လောက်ပဲ အရေးကြီးကိစ္စပြောနေပါစေ သူ့ကို အမြဲမပြတ် ဂရုစိုက်အလေးထားပါ။

(၆)မိသားစုစုံညီ စားသောက်ပွဲတွေလုပ်တဲ့အခါ တတ်နိုင်သမျှ ပြုံးရွှင်စွာနေပါ။ ဘာမဆို နားလည်လက်ခံပေးဖို့လိုအပ်ကြောင်း အိမ်ထောင်ဖက်ကိုလည်း ကြိုတင်ညှိနှိုင်းပြောပြထားပါ။

ပွဲပြီးသွားတဲ့အခါ ဇနီးမောင်နှံနှစ်ယောက်တည်း အေးဆေးထိုင်ပြီး ဘယ်လိုခံစားရလဲ၊ ဘာတွေဖြစ်ခဲ့လဲဆိုတာကို အပြန်အလှန် မေးမြန်းပြောပြကြပါ။ ဒါဆို နောက်ပိုင်းမိသားစုပွဲတွေမှာ ဘာတွေလုပ်သင့်တယ်ဆိုတာ ပိုသိလာပါလိမ့်မယ်။

ပျော်ရွှင်တဲ့အိမ်ထောင်ရေးဟာ နှစ်ဘက်မိသားစုရဲ့ အကျိုးသက်ရောက်မှုနဲ့လည်း သက်ဆိုင်မှုရှိတဲ့အတွက် မိမိရဲ့အိမ်ထောင်ဖက်ကိုချစ်သလိုပဲ သူ့ရဲ့မိသားစုမိဘတွေကိုချစ်ပေးလိုက်ပါ။ မေတ္တာနဲ့အခြေခံတဲ့ ဆက်ဆံရေးဟာ စိတ်အေးချမ်းကြည်နူးဖွယ် အကောင်းဆုံးပါပဲ။

Be the first to comment

Leave a Reply

Your email address will not be published.


*