မိခင်ရဲ့ အသုဘအပြီး ဘဏ်သွားခဲ့ရာမှ ဖြေမဆည်နိုင်ဖြစ်ရရှာလေတဲ့ အမျိုးသမီး

လူ့ဘောင်လောကမှာ သားသမီးအများစုဟာ မိဘတွေရဲ့ ငွေကြေးနဲ့ ပိုင်ဆိုင်မှုတွေကိုပဲ ဂရုစိုက်မက်မောကြတာ များပါတယ်။ မိဘတွေရဲ့ ခေါင်းမှာ ဆံပင်ဖြူတွေ ဘယ်နှစ်ချောင်းထွက်နေတာ၊ မိဘတွေရဲ့ ခြေထောက်တွေ ဒူးတွေ ကောင်းသေးရဲ့လားဆိုတာ ဂရုတစိုက်အလေးထားပေးတဲ့ သားသမီးတွေဆိုတာ လက်ချိုးရေလို့တောင် ရပါတယ်။ အခုတွေ့ရမယ့် အမျိုးသမီးကလည်း ဒီလိုသားသမီးမျိုးထဲမှာ တစ်ယောက်အပါအဝင်ဖြစ်နေပါတယ်။


တစ်နေ့မှာ အယ်မလီဆိုသူ အမျိုးသမီးတစ်ယောက်ဟာ ဖုန်းအဝင်တစ်ခုရပါတယ်။ ဖုန်းထဲမှာ ကြားလိုက်ရတာက သူမမိခင်ကြီး ဆုံးသွားပြီ ဆိုတာကိုပါ။ ရုတ်တရက် မမျှော်လင့်ပဲနဲ့ မိခင်က ဆုံးသွားပြီဆိုတာကို သိတော့ အယ်မလီဟာ တုန်လှုပ်သွားခဲ့ပါတယ်။ မိခင်ရဲ့ အသုဘပြီးတဲ့နောက်မှာတော့ အယ်မလီဟာ သူမရဲ့ အရင်နေထိုင်ရာ အိမ်လေးဆီ ပြန်လာခဲ့ပါတယ်။ ထိုအိမ်လေးမှာတော့ အယ်မလီဟာ မိခင်ကြီးပိုင်ဆိုင်တဲ့ ပစ္စည်းပစ္စယတွေကို ရှင်းလင်းရင်း ဘဏ်ကဒ်တစ်ကဒ်ကို သွားတွေ့ပါတယ်။


မိခင်ကြီးပိုင်ဆိုင်တဲ့ ဘဏ်ကဒ်ကိုယူပြီး ဘဏ်ထဲမှာကျန်တဲ့ငွေတွေကိုထုတ်ဖို့ အယ်မလီက ဘဏ်ကို သွားခဲ့ပါတယ်။ ဒါပေမယ့် သူမက အကောင့်ရဲ့ ပင်နံပတ်ကိုလည်း မသိပါဘူး။ ဒီတော့ သူမက မိခင်ကြီးရဲ့ မွေးနေ့ကို ရိုက်ထည့်ပါတယ်။ မရပါဘူး။ အယ်မလီက နောက်ထပ်ဖြစ်နိုင်ခြေရှိတာကို ထပ်စဉ်းစားပါသေးတယ်။ အဲဒါကတော့ သူမရဲ့ ဖခင်ကြီး မွေးနေ့ကို ပင်အဖြစ် ရိုက်ထည့်ဖို့ပါ။ အယ်မလီရဲ့ ဖခင်ဟာ သူမအသက်(၄) နှစ်လောက်မှာ ဆုံးပါးသွားပါတယ်။ ဒါပေမယ့် အယ်မလီရဲ့ မိခင်ဟာ နောက်အိမ်ထောင်မပြုခဲ့ပဲ သူမကို ကြီးပြင်းလာအောင် မွေးမြူခဲ့တာပါ။ ဒါကြောင့် အယ်မလီထင်တာက အမေဟာ သူ့မွေးနေ့ကို ပင်ထားရင်ထား၊ မထားရင် သူ့ယောကျ်ားမွေးနေ့ကို ပင်နံပတ်ထားလောက်တယ်ဆိုပြီးတော့ပါ။

ဒါလည်း မရပြန်ပါဘူး။ နှစ်ကြိမ်လုံးလုံး ပင်နံပတ်က မှားနေတာမို့ အယ်မလီက ခေါင်းခဲစပြုလာပါတယ်။ တတိယအကြိမ် ဂဏန်းထပ်ရိုက်ပြန်တော့လည်း မရပါဘူး။ မတတ်နိုင်တဲ့အဆုံး ဘဏ်ကိုသွားပြီးတော့ မိခင်ရဲ့ သေစာရင်းပြပြီး ငွေထုတ်ဖို့ လုပ်တာလည်း အဆင်မပြေပါဘူး။ နောက်ဆုံးမှာတော့ ဘဏ်က ကဒ်တစ်ကဒ်အသစ်လုပ်ဖို့သာ သူမကို ပြောလိုက်ပါတယ်။

ဒီအကြိမ်မှာတော့ အယ်မလီက ရုတ်ချည်းဆိုသလို နံပတ်တစ်ခုကို သွားစဉ်းစားမိပါတယ်။ အဲဒါကတော့ သူမ မင်္ဂလာဆောင်တဲ့နေ့ပါ။ သူမ မင်္ဂလာဆောင်တဲ့နေ့တုန်းက မိခင်ကြီးဟာ ဘဝမှာအပျော်ဆုံးပဲလို့ ပြောခဲ့တာကို အယ်မလီက သတိသွားရပါတယ်။ အဲဒီနေ့မှာပဲ မိခင်က သားမက်ဖြစ်သူကို အယ်မလီကို ကောင်းကောင်းစောင့်ရှောက်ပေးဖို့ ပြောခဲ့တာကိုလည်း သူမက အမှတ်ပြရလာပါတယ်။

ဒါကြောင့် ဒီမင်္ဂလာဆောင်ရက်ဟာ ဖြစ်နိုင်ခြေရှိတဲ့ နံပတ်ဆိုပြီး အယ်မလီဟာ နောက်တစ်ကြိမ် ပင်နံပတ်ရိုက်ထည့်ရာမှာ အံ့သြစရာကောင်းစွာပဲ နံပတ်ဟာ မှန်နေတာကို တွေ့လိုက်ရပါတော့တယ်။ ဒီအချိန်မှာ အယ်မလီဟာ မျက်ရည်မဆည်နိုင်တော့ပါဘူး။ သူမကတော့ ယောကျ်ားရလို့ လက်ထပ်ပြီး မိခင်ကြီးဆီကနေ ခွဲထွက်သွားတဲ့အချိန်မှာ မိခင်ကြီးကတော့ တစ်ယောက်တည်း အိမ်မှာကျန်နေခဲ့တာပါ။ အလုပ်များတယ်ဆိုပြီး မိခင်ဆီကိုလည်း သူမက လာလည်ခဲပါတယ်။ မိခင်ကြီးရဲ့ မွေးနေ့ရောက်ရင်တောင် သူမက ဖုန်းဆက်ဖို့မေ့နေတာမျိုးတောင် ရှိပါတယ်။


အခုအခါမှာတော့ အယ်မလီက အရမ်းနောင်တရနေပါပြီ။ သူမက မိခင်ကို ဂရုမစိုက်နိုင်တာတောင်မှ မိခင်ကြီးဟာ သူမကို အရမ်းချစ်ပြီး ဘဏ်ရဲ့ လျို့ဝှက်ကုတ်ကိုတောင်မှ သူမလက်ထပ်တဲ့နေ့ကို မှတ်ထားခဲ့တာ ဖြစ်ပါတယ်။ အယ်မလီကတော့ မိခင်ရဲ့ နောက်ဆုံးအချိန်တောင်မှ အတူတူ ရှိမပေးနိုင်တဲ့ သူမရဲ့ အဖြစ်ကို တစိမ့်စိမ့်တွေးပြီး နောင်တရလျက်ရှိနေပါတော့တယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*