Single နဲ့ FA သမားများအတွက် အထူးထုတ်လုပ်ထားလေသလား ထင်ရတဲ့ ဂျပန်’Anime Mirror’

ဂျပန်ကုမ္ပဏီ Novera ကတော့ မှန်ထဲကလူတစ်ယောက်နဲ့ ဆက်သွယ်လို့ရမယ့် Anime Mirror ကို တီထွင်လိုက်ပါပြီ။ ဒီမှန်လေးကို ” smart mirror” လို့အမည်ပေးထားပြီး မှန်ထဲမှ အသံတစ်ခုဟာ သုံးစွဲသူရဲ့စိတ်နေစိတ်ထားနဲ့ ပုံစံအနေထားကို ပြောပြနေမှာဖြစ်ပါတယ်။

ဒီမှန်မှာ ကင်မရာ ၊ မော်နီတာနဲ့ စပီကာ လေးတွေပါတယ်။ အသံပဲကြားရတဲ့ Anime ဟာ သုံးစွဲသူကို သဘောကျပျော်ရွှင်အောင် စကားလုံးကြွယ်ကြွယ်လေးတွေနဲ့ ကျီစယ်မှာဖြစ်ပါတယ်။ နောက်ခံစကားပြောမယ့် Anime ထဲမှာ ” Attack on Titan” အခန်းဆက် ကာတွန်းမှ နာမည်ကြီးဇာတ်ကောင် Eren ရဲ့အသံကိုလည်း ထည့်သွင်းသွားမှာဖြစ်ပါတယ်။ Eren ရဲ့အသံက ဂျပန်သရုပ်ဆောင် Yuki Kaji ပဲဖြစ်ပါတယ်။

Anime Mirror ရဲ့ဗီဒီယိုလေးထဲမှာ မိန်းကလေးတစ်ဦးကို မနက်ခင်းတွေမှာ ”Good Morning” လို့ နှုတ်ဆက်မယ်။ ” ဒီနေ့ မျက်လုံးလေးတွေ ကြည်နေတယ်နော်.. မင်းကိုစိုက်ကြည့်မိတိုင်း ငါနှလုံးခုန်သံတွေ မြန်နေတယ်” ၊ ” ဘယ်ချိန်ကြည့်ကြည့် အသားရည်လေးက ဝင်းနေတာပဲနော် ” စသဖြင့် မိန်းကလေးများအတွက် ကြည်နူးစရာ ချိုမြိန်တဲ့စကားလေးတွေကို သူကပြောပေးမှာပါ။

ပြီးတော့ သူက နာရီတစ်လုံးလိုပဲ။ အပြန်လှန်စကားပြောပေးတဲ့ မှန်တစ်ခုလိုလည်းဖြစ်သလို ညဘက်တွေ အိပ်ရာစောစောဝင်ဖို့နဲ့ အိပ်ရေးဝဝအိပ်ဖို့ကိုလည်း ဂရုတစိုက်ပြောတတ်ပေးပါသေးတယ်။ နောက်ပြီး မိန်းကလေးများ ဘယ်လိုမိတ်ကပ်လိမ်းရင် ပိုပြီးလိုက်ဖက်မယ်ဆိုတာကိုလည်း သူကအကြံဉာဏ်ပေးနိုင်ပါသေးတယ်။

Anime Mirror ကို လူတွေပိုပြီး စိတ်ဝင်စားစေတဲ့အချက်ကတော့ လူတစ်ယောက်ရဲ့စိတ်ကို ဖတ်နိုင်တာပါပဲ။ ” ဒီနေ့ စိတ်ညစ်စရာတွေရှိလို့လား… ”

”မင်းစိတ်ညစ်ရင် ငါလည်း ဝမ်းနည်းတယ်။ ငါ့ကို တစ်ချက်ပြုံးပြပါဦးလား ” ဒီလိုစကားလေးတွေနဲ့ စိတ်ညစ် ဝမ်းနည်းနေသူကိုလည်း နှစ်သိမ့်ပေးပါသေးတယ်။

ရည်းစားမရှိလို့ဆိုပြီး အထီးကျန်စရာမလိုတော့ပါဘူးနော်။ အရမ်းမိုက်တဲ့ Anime Mirror ကတော့မကြာမီမှာ သင့်ကိုအဖော်ပြု ၊ ကလူကျီစယ်ပေးဖို့ ရောက်ရှိလာတော့မှာဖြစ်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*