
လက်ရှိအချိန်မှာ အသက်(၃၂)နှစ်အရွယ် ရောက်နေပြီဖြစ်တဲ့ Jo Barton ဟာ ယခင်က အလွန်ပေခဲ့တေခဲ့သူ ဖြစ်ပါတယ်။ သူမဟာ အသက်(၁၄)နှစ်မှာ အတန်းပညာတစ်ပိုင်းတစနဲ့ ကျောင်းထွက်ခဲ့ရပါတယ်။ အကျောင်းကတော့ သူမဟာ အရက်စွဲအရက်နာရောဂါကို ခံစားခဲ့ရသလို၊ စိတ်ကျဝေဒနာကိုလည်း ခံစားခဲ့ရပါတယ်။
ဒါကြောင့် Jo ဟာ အတန်းပညာမှာ ဘာအထောက်အထားလက်မှတ်မှ မပါဘဲ ထွက်ခဲ့ရပါတယ်။ ထိုစဉ်က အသက်အရွယ် ငယ်ရွယ်လွန်းသေးတဲ့ Jo ဟာ အင်္ဂလန်က ဟားလိုမြို့ငယ်လေးမှာ အတော်လေး ဆိုးသွမ်းပေတေခဲ့ပြီး၊ နေ့စဉ်အရက်မသောက်တဲ့နေ့ရယ်လို့ မရှိခဲ့ပါဘူး။ နောက်ဆုံးမှာတော့ သူမဟာ အရက်ရဲ့ ကျေးကျွန် ဖြစ်ခဲ့ရပါတယ်။
သို့သော် ဉာဏ်ပညာဘက်မှာ ကြီးမားလွန်းတဲ့ Jo ဟာ သူမရဲ့အမှားလမ်းကြောင်းကို ဆက်မလျှောက်တော့ဘဲ ဒေါက်တာတစ်ယောက်အဖြစ် ရပ်တည်နိုင်ဖို့ ပြန်လည်ကြိုးစားရုန်းကန်ခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ Sawbridgeworth, Essex မှာ နေထိုင်နေပါတယ်။ သူမ ငယ်စဉ်က မိခင်ကလည်း စိတ်ပိုင်းဆိုင်ရာကျန်းမာရေးပြဿနာတွေရင်ဆိုင်ခဲ့ရပါတယ်။
နေ့စဉ်နဲ့အမျှ အိမ်ပြန်ရောက်ချိန်ဟာ သူမအတွက်တော့ ငရဲခန်းပါဘဲ။ ဒီလိုနဲ့ စိတ်ကျရောဂါဟာ Jo ဆီမှာလည်း ကူးစက်လာခဲ့ပြီး နောက်ဆုံးမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ ယစ်ထုပ်ဘဝကိုရောက်ပြီး ကျောင်းထွက်ခဲ့ရတာပါ။ ဖခင်ဖြစ်သူကလည်း မိသားစုလိုက်ထားခဲ့လို့ အိမ်မှာ သူမနဲ့ညီမဖြစ်သူ၊ မိခင်ဖြစ်သူတို့ဟာ အလွန်ခက်ခဲတဲ့ဝမ်းရေပြဿနာကို ရင်ဆိုင်ခဲ့ရပါတယ်။
ဒီလိုနဲ့ သူမဟာ ဘဝတိုးတက်ရေးအတွက် ယစ်ထုတ်ဘဝကနေ အမြန်ထွက်ပြီး ဘဝသစ်တစ်ခုစဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ Jo ဟာ ပညာရေးအထောက်အထားမပါဘဲ လုပ်လို့ရမယ့်အလုပ်မှန်သမျှ လိုက်ပြီးလျှောက်ပါတယ်။ အထူးသဖြင့်တော့ ဝိတ်တာအလုပ်ပေါ့။ အသက်(၁၇)မှာ Great Dunmow က စားသောက်ဆိုင်မှာ စားပွဲထိုးလုပ်ခဲ့ပါတယ်။ အဲဒီမှာပဲ သူမအပေါ်ကောင်းတဲ့ ချစ်သူတစ်ယောက် ရခဲ့ပါတယ်။
ထိုစဉ်မှာပဲ ကျန်းမာရေးစောင့်ရှောက်မှုလုပ်သား ကြော်ငြာတစ်ခု ထပ်တွေ့ခဲ့ပါတယ်။ ပညာအရည်အချင်းနဲ့ အတွေ့အကြုံရှိရန်မလိုလို့ ဖော်ပြထားပါတယ်။ ဒီလိုနဲ့ သူမ သွားရောက်လျှောက်ထားတဲ့အခါ Broxbourne မှာ ဖွင့်လှစ်ထားတဲ့ St Catherine’s Care Home မှာ လက်ထောက်ကျန်းမာရေးစောင့်ရှောက်မှုလုပ်သားဘဝကို ရောက်ခဲ့ပါတယ်။
အလုပ်လုပ်နေစဉ်မှာ National Vocational Qualification (NVQ) သင်တန်းကို တက်ရောက်ခွင့်ရခဲ့ပါတယ်။ နှစ်နှစ်အကြာမှာ NVQ အသိအမှတ်ပြုလက်မှတ်ကို ထူးချွန်စွာနဲ့အောင်မြင်ခဲ့ပါတယ်။ ဒီလိုနဲ့ သူမရဲ့ရည်မှန်းချက် ကြီးမားလာခဲ့ပြီး ဒီထက်ပိုကျယ်ပြန်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေကို လုပ်ဖို့ စိတ်ကူးလာခဲ့ပါတယ်။
ဒီနောက်မှာတော့ Princess Alexandra Hospital ဆေးရုံက ဓာတ်မှန်ဌာနမှာ အချိန်ပိုင်းအလုပ်၊ ဝင်လုပ်ခဲ့ပြီး အန်ဖီးမှာဖွင့်လှစ်ထားတဲ့ Access to Nursing ကို တက်ရောက်ခွင့်ရခဲ့ပါတယ်။ နောက်ဆုံး သူနာပြုဘွဲကိုလည်း ယူနိုင်ခဲ့ပါတယ်။ ဒီဘွဲ့နှင်းသဘင်ကိုတော့ မိခင်ဖြစ်သူက ရောဂါဖောက်နေလို့ မတက်ရောက်နိုင်ခဲ့ပါဘူး။
ဘဝတက်လမ်းကိုပဲ ရှာနေတဲ့ Jo ဟာ သူနာပြုဘဝမှာ ခွဲစိတ်ခန်းအကူလုပ်ငန်းတွေ၊ လက်တွေ့ဆေးပညာရပ်သင်ကြားပေးတဲ့ ဝါရင့်ဒေါက်တာတွေကြောင့် ဒေါက်တာတစ်ယောက်ဖြစ်ဖို့အတွက် ထပ်ပြီးအိပ်မက်မက်ခဲ့ပြန်ပါတယ်။ ဒါပေမယ့် ဝင်ခွင့်အတွက်က သင်္ချာနဲ့အင်္ဂလိပ်စာ GCSE’s အမှတ်တင်ပြရမှာမို့ ငယ်ငယ်က ကျောင်းထွက်စောခဲ့တဲ့ သူမဘဝ လမ်းပိတ်သွားပြီလို့ တွေးစရာရှိပါတယ်။
Jo က အဲဒီလို အလွယ်တကူ အညံ့ခံတဲ့အမျိုးသမီး မဟုတ်ပါဘူး။ ဒီအတွက် အိမ်မှာနေရင်း ကြိုးစားခဲ့ရာ တစ်ကြိမ်တည်းမှာပဲ GCSE’s ဘာသာရပ်နှစ်ခုစလုံးကို အောင်မြင်ခဲ့ပါတယ်။ ဆေးပညာဘက်ဆိုင်ရာလေ့လာဖို့ တက္ကသိုလ်ကို လျှောက်ထားတဲ့အခါမှာတော့ ဝင်ခွင့်ငြင်းပယ်ခံခဲ့ရပါတယ်။ ဒါပေမယ့် St George’s Hospital Uni မှာ ဆက်လက်လျှောက်ထားတဲ့အခါ အရွေးချယ်ခဲ့ခဲ့ရပြီး ခြောက်နှစ်တက်ရောက်ပြီးတာနဲ့ ဒေါက်တာဘွဲ့ကို ထိုက်ထိုက်တန်တန် ရရှိခဲ့ပါတယ်။
သူမဟာ ပြီးခဲ့တဲ့ သုံးနှစ်က ဒေါက်တာဘွဲ့ကို ယူနိုင်ခဲ့တာဖြစ်ပြီး သူမရဲ့ဇာတိမြို့ဟားလိုမြို့လေးက Q&E at Princess Alexandra ဆေးရုံမှာ ဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်ခွင့် ရခဲ့ပါတယ်။ ဒေါက်တာဖြစ်သွားတော့ Jo ရည်မှန်းချက် ပြည့်စုံပြီလားဆိုတော့ မပြည့်စုံသေးပါဘူး။ သူမက ဒီထက်ပိုမြင့်တဲ့ GP ဘဝကို လှမ်းမျှော်ကြည့်နေပါပြီ။ GP ဆိုတာ General Practitioner လို့ခေါ်တဲ့ အထွေထွေရောဂါကု ဆရာဝန်ဖြစ်ပါတယ်။ Jo ဟာ သူမရဲ့သုံညဘဝကို အရာရောက်ကိန်းဂဏန်းတွေဖြစ်အောင် ပြောင်းလဲနိုင်ခဲ့လို့ လူငယ်ထုအတွက်တော့ စံပြအတုယူစရာ ဖြစ်နေပါတယ်။
Leave a Reply