မွေးကင်းစကလေးလေးရဲ့စိတ်ဆိုးနေတဲ့ဓာတ်ပုံ ဆိုရှယ်မီဒီယာပေါ်မှာနာမည်ကြီးနေ

ဘရာဇီးနိုင်ငံ၊ ရီယိုဒီဂျနေးရိုး မှာနေထိုင်တဲ့ ရိုဒရီဂို ဆိုတဲ့ ဓာတ်ပုံဆရာကတော့ သူ့ရဲ့မိတ်ဆွေတွေဖြစ်တဲ့ ဒီယာနေးနဲ့ ရီနာတို တို့ ဇနီးမောင်နှံရဲ့အကူအညီတောင်းမှုကြောင့် ဒီယာနေးရဲ့ ရင်သွေးငယ်လေးကို ဓာတ်ပုံရိုက်ပေးဖို့ ဖြစ်လာခဲ့ပါတယ်။


ဒီယာနေး က ဖေဖော်ဝါရီ (၁၃)ရက်နေ့မှာ သူမရဲ့ သမီးလေးကို မွေးဖွားမှာဖြစ်ပြီး သူမ ကလေးမီးဖွားပြီးစအချိန်မှာ အမှတ်တရအနေနဲ့ ဓာတ်ပုံလာရိုက်ပေးဖို့ ရိုဒရီဂို ကို အကူအညီတောင်းခဲ့တာပါ။

ကလေးငယ်အများစုဟာ မိခင်ရဲ့ ဝမ်းထဲကနေ ထွက်လာပြီဆိုတာနဲ့ ခဏအကြာမှာပဲ ငိုသံပေးတတ်ကြတာမျိုး ဒါမှမဟုတ်ရင်လည်း ငြိမ်ငြိမ်သက်သက်လေးရှိနေတာမျိုးတွေကို လုပ်တတ်ကြလေ့ရှိတာပါ ။ ဒါပေမယ့် ဒီယာနေး ရဲ့ သမီးလေးကတော့ မိခင်ရဲ့ဝမ်းထဲကနေ ထွက်လာပြီး စက္ကန့်အနည်းငယ် အကြာမှာပဲ ဆရာဝန်တွေကို စိတ်ဆိုးနေတဲ့အမူအရာလေးနဲ့ ကြည့်နေခဲ့တာကို မြင်ခဲ့ရပါတယ်။


ရိုဒရီဂို က အဲဒီ အမူအရာလေးကို အမိအရ ဓာတ်ပုံရိုက်ကူးနိုင်ခဲ့ပြီး သူ့ရဲ့ Facebook စာမျက်နှာကနေ ပြန်လည်မျှဝေသွားခဲ့တာပါ။
“သူက သူ့မျက်လုံးကို ကျယ်ကျယ်ဖွင့်လိုက်တယ်၊ ဒါပေမယ့် မငိုဘူးနော်။ သူ့မျက်နှာကတော့ လုံးဝကို စိတ်ဆိုးနေတဲ့ပုံပဲ။ သူ့အမေက သူ့ကိုနမ်းလိုက်ပြီး ချက်ကြိုးကို ဖြတ်လိုက်တဲ့အချိန်ကျမှသာ စပြီး ငိုတော့တာ” လို့ ရိုဒရီဂို က ဘရာဇီးသတင်းစာ တစ်စောင်ကို အခုလိုမျိုး ပြောပြပါတယ်။

ရိုဒရီဂိုရဲ့ ဒီပုံလေးက ဆိုရှယ်မီဒီယာပေါ်မှာ နာမည်ကြီးသွားခဲ့ပြီး ကလေးငယ်ရဲ့ ထူးဆန်းတဲ့အမူအရာကို အားလုံးက သဘောကျခဲ့ကြတာပါ။ဒီယာနေး ကတော့ သူမရဲ့ သမီးလေးကို အစ္စဘယ်လာ လို့ နာမည်ပေးလိုက်ပြီ ဖြစ်ကြောင်းနဲ့ သူမရဲ့ထူးဆန်းတဲ့အမူအရာလေးအတွက် အံ့သြမိကြောင်း ဖွင့်ဟသွားခဲ့ပါတယ်။


ဒီယာနေး က သမီးဖြစ်သူရဲ့ ဒီပုံရိပ်လေးဟာ တစ်သက်လုံးအမှတ်ရနေရမယ့် ပုံရိပ်လေးဖြစ်ပြီး လောလောဆယ်မှာတော့ meme ဂရု တွေထဲမှာ နာမည်ကြီးနေခဲ့ပြီလို့လည်း ရယ်စရာမှတ်ချက်လေး ပေးသွားခဲ့ပါသေးတယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*