လုပ်စရာ မရှိလို့ ကိုယ့်ကိုယ်ကို အငှားပြန်တင်ခဲ့တဲ့ ဂျပန်နိုင်ငံက အမျိုသားတစ်ယောက်

အခုပြောပြချင်တဲ့ အမျိုးသားတစ်ယောက်တော့ တော်တော်လေးကို ထူးဆန်းပြီး ရယ်ရတဲ့ အမျိုးသားတစ်ယောက်ပါပဲ။ အကြောင်းကတော့ အဆိုပါ အမျိုးသားဟာ သူ့ကိုယ်သူ အငှားတင်ခဲ့လို့ပဲ ဖြစ်ပါတယ်။ များသောအားဖြင့် အဲဒီလို ကိုယ့်ကိုယ်ကို အငှားတင်တဲ့ လူတွေဟာ နယ်ပယ်တစ်ခုခုမှာ ထူးချွန်တဲ့ လူမျိုးတွေ ဖြစ်ကြပါတယ်။

ဥပမာ- ကားမောင်းတဲ့ နေရာမျိုးတွေ၊ သက်တော်စောင့်နဲ့ ပတ်သတ်တဲ့ အလုပ်အကိုင်မျိုးတွေ အစရှိတဲ့ နယ်ပယ်တစ်ခုခုမှာ ထူးချွန်ထက်မြက်မှသာ ကိုယ့်ကိုယ်ကို ကြော်ငြာပြီး အငှားတင်လေ့ ရှိတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီအမျိုးသားကတော့ သူ့အနေနဲ့ ပင်ပန်းတဲ့ အလုပ်ကလွဲပြီး အကုန်လုပ်နိုင်ကြောင်း ကြေငြာပြီး ကိုယ့်ကိုယ်ကို အငှားပြန်တင်ခဲ့ပါတယ်။ မထင်မှတ်ပဲ သူ့ရဲ့ပို့စ်ဟာ ဂျပန်ဆိုရှယ်မီဒီယာ အသုံးပြုတွေကြား ရေပန်းစားခဲ့ပြီး ငှားရမ်းသူတွေ များလွန်းလို့ ငြင်းဆန်ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။

အဆိုပါ အမျိုးသားကတော့ ဂျပန်နိုင်ငံရှိ Shoji Morimoto အမည်ရ အမျိုးသားတစ်ယောက်ပဲ ဖြစ်ပါတယ်။ Shoji ဟာ သူ့ရဲ့ twitter အကောင့်ကနေတစ်ဆင့် သူ့အနေနဲ့ အငှားလိုက်ကြောင်း၊ ပင်ပန်းတဲ့ အလုပ်ကလွဲပြီး ကျန်တာအကုန်လုပ်ပေးနိုင်ကြောင်း၊ များသောအားဖြင့် သောက်ဖို့စားဖို့နဲ့ စကားပြောဖော်လိုရင် သူ့ကို ငှားရမ်းနိုင်ကြောင်း ပို့စ်တင်ခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ တန်ကြေးကတော့ တစ်ခါငှားရင် ယန်း ၁၀,၀၀၀ ပဲဖြစ်ပြီး အဆိုပါ ပိုက်ဆံထဲမှာ သွားလာစရိတ်နဲ့ အစားအသောက်ဖိုးတွေပါ တစ်ပါတည်း ထည့်ထားပြီးဖြစ်ကြောင်း သိရပါတယ်။

တစ်ကယ်တော့ Shoji ဟာ ဒီလိုမျိုး သူ့ကိုယ်သူ အငှားလိုက်တာမျိုးကို ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်၊ ဇွန်လမှာတုန်းကလည်း ပြုလုပ်ခဲ့ဖူးပါတယ်။ အဲဒီအချိန်တုန်းကတော့ Shoji ဟာ ဒီအတိုင်း မျက်နှာပြောင်ပြီး သူ့ရဲ့ Twitter မှာ ပို့စ်တင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် တစ်ကယ့်လက်တွေ့မှာတော့ သူ့ကိုငှားရမ်းတဲ့လူတွေ တော်တော်လေးများတာကြောင့် Shoji ဟာ ဒီအလုပ်ကို လုပ်ကိုင်ဖို့အတွက် အလုပ်ထွက်ပြီး ပရော်ဖက်ရှင်နယ်ကျကျ လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။
“အစကတော့ ဒီလောက်အထိ မထင်ထားခဲ့ပါဘူး။

အခုဆိုရင် ဒီလိုမျိုး ငှားတဲ့လူတွေ များလွန်းလို့ ကိုယ့်ဟာကိုယ် နားဖို့အချိန်တောင် တော်တော်လေး ပြန်လုပ်ယူနေရပါတယ်။ များသောအားဖြင့် ကျွန်တော့်ကို ငှားတဲ့လူတွေက လမ်းအတူလျှောက်ပြီး စကားပြောပေးဖို့တို့၊ ခွေးကျောင်းပေးဖို့တို့၊ အရက်အတူတူသောက်ပေးဖို့ ကိစ္စတွေမှာ ငှားရမ်းတာ များပါတယ်။ တစ်ချို့ဆိုရင် လူသတ်ထားလို့ သူတို့အစား လူသတ်တရားခံအဖြစ် ဝန်ခံပေးဖို့ ပြောတာမျိုးတွေတောင် ရှိပါတယ်။ ဟုတ်မဟုတ်တော့ ကျွန်တော်လည်း မသိဘူး။ ဒီနေ့ဒီအချိန်အထိဆို ကျွန်တော့်ကို ငှားရမ်းခဲ့တဲ့ လူပေါင်း ၃,၀၀၀ ကျော် ရှိသွားခဲ့ပါပြီ။ အခုဆိုရင်တော့ တစ်နေ့ကို အနည်းဆုံး ၃ ခါကနေ ၄ ခါလောက်အထိတော့ ကျွန်တော့်ကို ငှားရမ်းနေကြပါတယ်”လို့ Shoji က The Independent သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*