မီးဖိုချောင်ဘေစင်ထဲ ရေဝင်ချိုးခဲ့လို့ အလုပ်ထုတ်ခံရတဲ့ စားသောက်ဆိုင်ဝန်ထမ်းရဲ့အဖြစ်

အမေရိကန်နိုင်ငံ၊ မီချီဂန်မှာရှိတဲ့ ဝင်ဒီစားသောက်ဆိုင်က ဝန်ထမ်းတစ်ယောက်ဟာ ဟာသဗီဒီယိုလေး တစ်ခု ဖန်တီးဖို့အတွက် ဆိုင်ရဲ့မီးဖိုချောင်မှာရှိတဲ့ ဘေစင်ထဲ ဝင်ရောက် ရေချိုးခဲ့ပြီး အလုပ်ထုတ်ခံခဲ့ရပါတယ်။


(၂၃)စက္ကန့်သာ ကြာတဲ့ ဗီဒီယို ဖိုင်လေးတစ်ခုကို ဖန်တီးဖို့အတွက် အဲဒီ ဝန်ထမ်းက အတတ်ဆန်းခဲ့တာဖြစ်ပြီး စားသောက်ဆိုင်တစ်ခုအနေနဲ့တော့ ဒါက မလုပ်သင့်တဲ့ ကိစ္စတစ်ခုပါ။ ပန်းကန်တွေဆေးတဲ့ ဘေစင်ထဲမှာမှ ရေဝင်ချိုးခဲ့တယ်ဆိုတော့ စားသုံးသူတွေ စိတ်မသက်မသာဖြစ်စေမှာ အမှန်ပဲဖြစ်ပြီး ဒီအဖြစ်အပျက်က တွစ်တာပေါ်မှာ တော်တော်လေး နာမည်ကြီးနေခဲ့တာပါ။

ဆပ်ပြာမြှပ်တွေ ပြည့်နေတဲ့ ဘေစင်ထဲမှာ သူက အဝတ်ဗလာနဲ့ ရေချိုးဖို့ ကြိုးစားခဲ့တာဖြစ်ပြီး သူ့ရဲ့အဖော်သူငယ်ချင်းတွေက ဘေးကနေ ဗီဒီယို ရိုက်ပေးခဲ့တာပါ။

ဒီအဖြစ်အပျက်ကို ဝင်ဒီစားသောက်ဆိုင် လုပ်ငန်းစုရဲ့ တာဝန်ရှိသူတွေ သိသွားခဲ့ကြပြီး ရေဝင်ချိုးခဲ့တဲ့ ဝန်ထမ်းရော၊ အဲဒီအဖြစ်အပျက်မှာ ပါဝင်ခဲ့သူတွေကိုပါ အလုပ်ထုတ်ပစ်ခဲ့တာပါ။ လုပ်ငန်းစုရဲ့ တာဝန်ရှိသူ တစ်ယောက်ဖြစ်တဲ့ ကမ့်ပ် က ဒီအဖြစ်အပျက်ဟာ စားသောက်ဆိုင်ဝန်ထမ်းတစ်ယောက်အနေနဲ့ မလုပ်သင့်တဲ့ အဖြစ်အပျက်တစ်ခု ဖြစ်တယ်လို့ မှတ်ချက်ပေးသွားခဲ့ပြီး ဒီဖြစ်ရပ်မှာ ပါဝင်သူ အားလုံးကို အလုပ်ကနေ ထုတ်ပယ်လိုက်ပြီဖြစ်တယ်လို့ အသိပေးခဲ့ပါတယ်။

တကယ်တော့ စားသောက်ဆိုင်ဝန်ထမ်းတစ်ယောက်အနေနဲ့ ဘေစင်ထဲမှာ ဝင်ပြီး ရေချိုးတဲ့ အဖြစ်အပျက်ဟာ ဒါ ပထမဆုံးအကြိမ်မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ (၂၀၁၉) မေလတုန်းကလည်း လူမည်းအမျိုးသားတစ်ယောက် စားသောက်ဆိုင် ဘေစင်ထဲကို ဝင်ပြီး ရေချိုးခဲ့တဲ့ ဗီဒီယို တစ်ခု ထွက်လာခဲ့လို့ ဆိုရှယ်မီဒီယာပေါ်မှာ နာမည်ကြီးခဲ့ရပါသေးတယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*