ပထမဆုံးအလုပ်ဝင်တဲ့နေ့မှာတင် ပေါက်ပေါက်ရှာရှာဖြစ်ရပ်နဲ့ကြုံခဲ့ရတဲ့ ချစ်စရာ ဆရာဝန်မလေး

ဘယ်အလုပ်မဆို ပထမဆုံးအလုပ်ဝင်တဲ့နေ့ဟာ သိပ်ကိုရင်ခုန်စိတ်လှုပ်ရှားဖွယ် ကောင်းလှပါတယ်။ အသက် ၂၅ နှစ်အရွယ် ဒေါက်တာမလေး Varanya Nganthavee ကတော့ ထိုင်းနိုင်ငံက ဘန်ကောက်ဆေးရုံမှာ ပထမဆုံးအလုပ်ဆင်းတဲ့နေ့မှာတင်ကို တခြားသူများနဲ့မတူတဲ့ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာအဖြစ်အပျက်တစ်ခုနဲ့ ကြုံတွေ့ခဲ့ပြီး အဲဒီအဖြစ်အပျက်ကို သူမရဲ့ ဖေ့စ်ဘွတ်ခ်မှာ ပြန်လည်မျှဝေခဲ့ပါတယ်။

အလုပ်စဆင်းစာက ဒေါက်တာမလေးဟာ နားကိုက်ဝေဒနာခံစားနေရတဲ့ လူနာတစ်ဦးကို စမ်းသပ်ရင်းဝေဒနာရဲ့ဇစ်မြစ်ကိုရှာဖွေနေခဲ့ပါတယ်။ ဆေးရုံသုံးဓာတ်မီးနဲ့ လူနာရဲ့နားထဲကို ထိုးကြည့်လိုက်တဲ့အခါမှာတော့ ဆရာဝန်ဖြစ်တဲ့သူမကိုတောင် ထိတ်လန့်သွားစေမယ့် မြင်ကွင်းတစ်ခုကနေပြီး ဆီးကြိုနေခဲ့ပါတယ်။

လူနာရဲ့နားထဲမှာ လှုပ်ရှားနေတဲ့ သတ္တဝါတစ်ကောင်ကို မြင်တွေ့ရခဲ့ပြီး သေချာကြည့်လိုက်တဲ့အခါမှာတော့ သတ္တဝါဟာတခြားမဟုတ်ဘဲ အိမ်တိုင်းလိုလိုမှာ တွေ့မြင်လေ့ရှိတဲ့ အိမ်မြှောင်ဖြစ်ပါတယ်။ အိမ်မြှောင်တစ်ကောင်လုံး နားထဲကိုဝင်အောင် ဘယ်လိုတွေခြေသံဖျောက်ခဲ့လဲတော့မသိပေမယ့်လို့ သေချာတာကတော့ လူူနာရဲ့နားထဲမှာရှိနေတဲ့ အိမ်မြှောင်ဟာ အသက်ရှင်နေဆဲဖြစ်ပြီး ဟိုဟိုဒီဒီလျှောက်သွားနေတာကြောင့် နားကိုက်သလိုလို၊ နာသလိုလိုခံစားနေခဲ့ရတာပါ။

ထိတ်လန့်နေလည်းပဲ သူမကိုအားကိုးပြီးလာခဲ့တဲ့ လူနာအတွက် Dr Nganthavee တစ်ယောက် စိတ်အားတင်းခဲ့လိုက်ပါတယ်။ နောက်မှာတော့ နားထဲကို ပိုးသတ်ဆေးအစက်လေးတွေ ချပေးခဲ့ပြီး ရှိနေတဲ့အိမ်မြှောင်ကို ရဲရဲတင်းတင်းဆွဲထုတ်ပေးဖို့ စတင်ပြင်ဆင်ခဲ့ပါတော့တယ်။ အိမ်မြှောင်ကိုထုတ်ရာမှာလည်း နားအဝကနေဇာကနာသွင်းမှာမလို့ လန့်ပြီး နားစည်ရှိရာဖက်ဆီကို ထိုးဝင်သွားမှာကိုလည်း Dr Nganthavee တစ်ယောက် စိုးရိမ်ရပြန်ပါသေးတယ်။

ဘယ်လိုပဲဖြစ်ဖြစ်နောက်ဆုံးမှာတော့ Dr Nganthavee ဟာ အိမ်မြှောင်ကို အောင်မြင်စွာ အပြင်ကို ဆွဲထုတ်လိုက်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့လည်း အပြင်ရောက်လာတဲ့အိမ်မြှောင်မှာ အမြီးပြတ်နေခဲ့တာကြောင့် အရင်ကတည်းက အမြီးပြတ်ဖြစ်နေခဲ့ရင် အကြောင်းမဟုတ်ဘဲ နားထဲရောက်ကာမှ ပြတ်သွားတယ်ဆိုရင်တော့ စိုးရိမ်ရနိုင်တာကြောင့် နောက်တစ်နေ့မှာ နား၊နှာခေါင်း၊လည်ချောင်းအထူးကုဆီ သွားပြဖို့ ညွှန်ကြားခဲ့ပါတယ်။

နောက်နေ့မှာတော့ အမြီးကိုလုံးဝမတွေ့ရဘဲ လူူနာရဲ့နားဝေဒနာလည်း အရှင်းပျောက်သွားပြီဖြစ်တာကြောင့် သူမလိုအလုပ်သင်ဆရာဝန်လေးကိုလည်း အထက်ကဆရာဝန်ကြီးတွေက ချီးကျူးခဲ့ကြတဲ့အတွက် အရမ်းကိုဝမ်းသာမိပါတယ်လို့ ဖေ့စ်ဘွတ်ခ် မှာ ရေးထားပါသေးတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*