
ဓာတ်ပုံဆရာတစ်ယောက်ရဲ့ ထူးခြားပြီးပြောင်မြောက်တဲ့ဓာတ်ပုံတစ်ပုံဟာ လူတွေရဲ့ရင်ကို လှုပ်ခတ်သွားစေခဲ့ပါတယ်။ အဖြစ်အပျက်ကတော့ မျိုးတုန်းပျောက်ကွယ်လုနီးပါး တိရစ္ဆာန်မျိုးစိတ်တွေကို ကာကွယ်ပေးတဲ့နေရာ Borneo ကျွန်းက သစ်တောတစ်ခုမှာ ဖြစ်ပွားခဲ့တာပါ။
တောရိုင်းမျောက်ဝံကြီး တစ်ကောင်ဟာ ရေကန်တစ်ခုထဲရောက်နေတဲ့ အမျိုးသားတစ်ယောက်ကို ကူညီဖို့ကြိုးစားနေတဲ့ အချိန်အခိုက်အတန့်ကို အမိအရ ဓာတ်ပုံရိုက်ခဲ့တာဖြစ်ပါတယ်။ ပုံထဲမှာ နူးညံ့တဲ့တောကောင်ကြီးက လက်တစ်ဖက်ကို ထောက်ပြီး ကျန်လက်တစ်ဖက်နဲ့ ရေထဲကအမျိုးသားကို အပေါ်ဆွဲတင်ပေးဖို့ လက်ကမ်းပေးနေတာဖြစ်ပါတယ်။ ရေကလည်း ဘယ်လောက်နက်လဲဆိုရင် အဲ့ဒီအမျိုးသားရဲ့ ရင်ဘတ်အထိရောက်နေတာပါ။ တကယ်တော့ အဲ့ဒီလူဟာ Borneo Orangutan Survival Foundation လို့ခေါ်တဲ့ တိရိစ္ဆာန်တွေကို ကာကွယ်ပေးတဲ့ ပရဟိတအဖွဲ့အစည်းကဖြစ်ပါတယ်။
တကယ်တော့သူဟာ ရေနစ်နေတာမဟုတ်ပါဘူး။ ရေကန်ထဲက ချုံနွယ်အမှိုက်တွေရှင်းပြီး မျောက်ဝံတွေအတွက် အန္တရာယ်ရှိတဲ့မြွေတွေကို ရေထဲဆင်းပြီး ရှာဖွေဖယ်ရှားပေးနေတာဖြစ်ပါတယ်။
ဓာတ်ပုံဆရာ Anil Prabhaka က Borneo ကျွန်းရဲ့ သစ်တောထဲ သူငယ်ချင်းတွေနဲ့လေ့လာရေးအပျော်ခရီးရောက်လာချိန် ပုံမှန်မဟုတ်တဲ့ဒီအဖြစ်အပျက်ကို အမှတ်မထင်တွေ့ရှိခဲ့တာဖြစ်ပါတယ်။
မျောက်ဝံကြီးဟာ အဲ့ဒီအမျိုးသားဘာလုပ်နေလဲဆိုတာ စောင့်ကြည့်နေခဲ့ပြီးမှ ရေကန်အနားကို ကပ်သွားပြီး လက်ကမ်းပေးခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်အမျိုးသားက နောက်ဆုတ်လိုက်ပြီး တောကောင်ကြီးရဲ့လက်ကို ဖမ်းမဆွဲဘဲ ငြင်းဆန်ခဲ့ပါတယ်။ ဓာတ်ပုံဆရာကဘာလို့ ငြင်းဆန်ခဲ့လဲလို့ မေးကြည့်တဲ့အခါ သူက ဘာပဲဖြစ်ဖြစ် သူက တောရိုင်းတိရိစ္ဆာန်တစ်ကောင်ပဲလေ။ ငါတို့ရင်းနှီးကျွမ်းဝင်မှုလည်းမရှိဘူး။ ဒါပေမယ့် သူတို့ကို ကူညီကာကွယ်ပေးရမယ်။ သူတို့ကလည်း သူတု့ိအတွက်လုပ်နေမှန်း ကောင်းကောင်းသိပုံရပါတယ်လို့ အမျိုးသားက ပြန်ပြောခဲ့ပါတယ်။
လေ့လာချက်အရ မျောက်ဝံတွေဟာ လူသားတွေနဲ့အနီးစပ်ဆုံး တိရစ္ဆာန်မျိုးစိတ်ဖြစ်ပြီး မြင့်မားတဲ့အသိဉာဏ်နဲ့ အာရုံခံစားမှုရှိသူတွေဖြစ်ပါတယ်။ သူတို့ဟာ အင်ဒိုနီးရှားရဲ့ အထင်ကရနဲ့အရေးကြီးတဲ့ မျိုးစိတ်တွေပါ။
မျောက်ဝံတွေ ထိန်းသိမ်းစောင်ရှောက်ရေးပရဟိတအဖွဲ့ Borneo Orangutan Survival Foundation ကိုတော့(၁၉၉၁)ခုနှစ်က တည်ထောင်ခဲ့တာဖြစ်ပါတယ်။
ဖာင်ဒေးရှင်းဟာ အဖွဲ့ဝင်(၄၀၀)ကျော်နဲ့အတူ လက်ရှိမှာ မျောက်ဝံ(၆၅၀)နီးပါးကို ထိန်းသိမ်းစောင့်ရှောက်နေသလို၊ သစ်တောပြန်လည်ထူထောင်ရေး၊ လယ်ယာ၊သစ်တော စိမ်းလန်းရေး၊ ရပ်ရွာလူထူစွမ်းရည်မြှင့်တင်ရေး၊ ပညာရေးနဲ့ မျောက်ဝံတွေရဲ့ကျန်းမာရေး စောင့်ရှောက်မှုတွေ လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတစ်ခုလည်းဖြစ်တယ်လို့ သိရပါတယ်။
Leave a Reply