ခရမ်းပြာပန်းခင်းလေးကနေတစ်လထဲနဲ့ပေါင်တစ်သိန်းကျော်ဝင်ခဲ့တဲ့ပရဟိတအလှူရှင်

အရောင်အသွေးထင်းထင်းလင်းလင်းရှိကြတဲ့ ပန်းခင်းတွေဟာဆိုရင် အလှအပကိုခံစားတတ်သူ၊ သဘာဝပတ်ဝန်းကျင်ကိုချစ်မြတ်နိုးတတ်သူတွေနဲ့ ဓာတ်ပုံဝါသနာအိုးတွေအဖို့တော့ အမြဲတမ်းလိုလိုပစ်မှတ်တစ်ခုကို ဖြစ်နေခဲ့ပါတယ်။ ဒီမှာဆိုရင်လည်း အဝါရောင်တောက်တောက်နဲ့ နေကြာပန်းခင်းတွေ၊ ပန်းနှမ်းခင်းတွေဆိုတာ ခရီးသွားလို့ကောင်းတဲ့ ဆောင်းရာသီရောက်ရင် ခရီးသွားတွေနဲ့ ပြည့်နှက်နေတတ်ကြတယ်မဟုတ်ပါလား။
ဒီလိုမျိုးအရောင်ခပ်တောက်တောက်ရှိတဲ့ ပန်းလေးတွေကိုစိုက်ပျိုးပြီး တစ်လတည်းနဲ့ပေါင်တစ်သိန်းလောက် အမြတ်ရသွားတဲ့အမျိုးသားတစ်ယောက်ရှိနေပါတယ်။


John McCutchan ဟာ Sussex အရှေ့ပိုင်း Arlington မှာ Bates Green ဆိုတဲ့ ခြံလေးတစ်ခြံကိုပိုင်ဆိုင်ထားပါတယ်။ အဲဒီခြံမှာဆိုရင်တော့ ဥယျာဉ်လေးတစ်ခုလိုမျိုး သပ်သပ်ရပ်ရပ်နဲ့ပြင်ဆင်ထားပြီး ခြံတစ်ခုလုံးကိုကြည့်မယ်ဆိုရင်တော့ ခရမ်းပြာရောင်လေးတွေနဲ့ လွှမ်းခြုံနေတာကိုတွေ့ရမှာပါ။
John ရဲ့ ခရမ်းပြာရောင်ခေါင်းလောင်းပန်းလေးတွေဟာ Arlington တစ်ဝှက်မှာ တော်တော်လေးကို နာမည်ကြီးတဲ့ပန်းစိုက်ခင်းဖြစ်ပါတယ်။ Bates Green စိုက်ခင်းလည်ပတ်ပုံကတော့ John ဟာ တစ်နှစ်ပတ်လုံး ပန်းလေးတွေကို စိုက်ပျိုးပေါင်းသင်တာနဲ့ အချိန်ကုန်လေ့ရှိပြိး ယခုလိုပွင့်လင်းရာသီကာလမျိုးရောက်ခါမှ လာလည်ချင်သူတွေအတွက် ဥယျာဉ်ကိုဖွင့်ပေးလေ့ရှိတာပါ။


ဥယျာဉ်ထဲလည်ချင်တယ်ဆိုရင်တော့ လူကြီးတစ်ယောက်ကို ၆ ပေါင်ကျသင့်မှာဖြစ်ပြီး ကလေးတစ်ယောက်အတွက်ဆိုရင်တော့ ၂.၅၀ပေါင်သာကျသင့်မှာဖြစ်ပါတယ်။


အရင်တုန်းကဒီမြေဟာ သက်တမ်းရင့်ဝက်သစ်ချပင်တွေနဲ့ပြည့်နှက်နေတဲ့ သစ်တောမြေကြီးဖြစ်ပါတယ်။ John ဟာ ဒီမြေတွေကိုဝယ်လိုက်ပြီး ပန်းပင်လေးတွေကိုပျိုးထောင်ကာ အခုလိုမျိုး စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် ပြောင်းလဲလာခဲ့တာပါ။ ၂၄ ဧကကျယ်ဝန်းပြီး လက်ညှိုးထိုးမလွဲခေါင်းလောင်းပန်းလေးတွေနဲ့ ပြည့်နှက်နေတဲ့အပြင် ရှူသွင်းလိုက်တဲ့လေကအစ လုံးဝကိုသဘာဝစစ်စစ်ကိုခံစားစေရမှာပဲဖြစ်ပါတယ်။

လူသွားလမ်းလေးတွေကို သေသေချာချာပြုလုပ်ထားပေးတဲ့အပြင်ကိုမှ ဘီးတပ်ကုလားထိုင်သွားလမ်းတွေအထိ ဂရုတစိုက်နဲ့ပြင်ဆင်ပေးထားခဲ့တဲ့အတွက် မည်သူမဆိုသွားရောက်လေ့လာနိုင်ပါတယ်။ မတူညီတဲ့လမ်းကြောင်း ၇ ခုတိတိရှိပြီး ပန်းခင်းတွေအပြင် တခြားသောစိုက်ပျိုးမွေးမြူရေးခြံတွေဆီကိုပါ လည်ပတ်သူတွေအနေနဲ့လေ့လာကာ သဘာဝတရားကြီးကို ခံစားလို့ရနိုင်မှာပါ။

များသောအားဖြင့် နွေဦးကာလမှာ ဖွင့်လေ့ဖွင့်ထရှိပြီး မနှစ်ကအတွက်ကိုတော့ တစ်လတည်းနဲ့တင်ကို ပေါင်တစ်သိန်းလောက် ငွေဝင်ကာ စံချိန်တင်ခဲ့တဲ့အတွက် ဝင်ငွေအများဆုံးနှစ်လို့ John အတွက်တော့ဆိုနိုင်ပါတယ်။ John ဟာ ဒီကရတဲ့အမြတ်ငွေတွေကို အလှူအတန်းပြန်လုပ်ရာမှာ အသုံးချနေခဲ့တာပါ။ ၅ နှစ်အတွင်း ပရဟိတအဖွေဲ့အစည်းပေါင်း ၇ ခုလောက်ကို နှစ်စဉ်ပုံမှန်လှူဒါန်းနေခဲ့တာဖြစ်ပါတယ်။

ယူခုလာမယ့် ၂၀၁၉ ခုနှစ်အတွက်ကိုတော့ ပရဟိတလုပ်အဖွဲ့အစည်းပေါင်း ၂၀ လောက်က ဒီဥယျာဉ်မှာ လာရောက်အင်အားဖြည့်ကာ ဧည့်သည်တွေအတွက် အစားသောက်၊ ဆေးဝါးအကူအညီနဲ့ လမ်းလျှောက်တဲ့အခါ လိုအပ်နိုင်မယ့် အခြားအသုံးအဆောင်လေးတွေကို လှူဒါန်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ရှိနေတဲ့ ပရိဟိအဖွဲ့အစည်းတွေကို ကိုယ်တိုင်ကိုယကျလှူချင်တယ်ဆိုရင်လည်း လှူဒါန်းနိုင်ဦးမယ့်အပြင် ပျိုးပင်လေးတွေ၊ အနုပညာလက်ရာလေးတွေနဲ့ handmade ပစ္စည်းလေးတွေကိုလည်း ရောင်းချပေးသွားဦးမှာပါ။

 

Be the first to comment

Leave a Reply

Your email address will not be published.


*