ဒုက္ခိတသမီးတွေအတွက် ခရီးအဝေးကြီးသွားပြီး တောင်းရမ်းကျွေးနေရတဲ့ အဖိုးအို

အသက်အရွယ် ကြီးရင့်ပြီဖြစ်တဲ့ အဖိုး Nong Arunting ဟာ ဖိလစ်ပိုင်နိုင်ငံ၊ Barangay Tiguib Ayungon, Negros Oriental မှာ နေထိုင်ပြီး၊ ဒုက္ခိတ သမီးတွေကို လုပ်ကျွေးပြုစုနေရသူ ဖြစ်ပါတယ်။ သူဟာ တောင်ပေါ်မှာ နေထိုင်သူ ဖြစ်ပြီး၊ တောင်အောက်ကို ရောက်ဖို့ မိနစ် 30 အချိန်ပေး ဆင်းရပါတယ်။ အဲဒီနောက် မြို့ကို ရောက်ဖို့ နောက်ထပ် မိနစ် 30 အသုံးပြုကာ အစားအစာ သွားရောက်တောင်းရမ်းရပါတယ်။


Nong ဟာ သူ့အသက် ဘယ်လောက်လဲဆိုတာ မမှတ်မိပါဘူး။ သူရဲ့ဇနီးကလည်း လွန်ခဲ့တဲ့ ငါးနှစ်ကျော်တုန်းက ဆုံးပါးခဲ့ပါတယ်။ ဒါကြောင့် သူဟာ ဒုက္ခိတသမီးနှစ်ယောက်စလုံးကို လုပ်ကျွေးဖို့တာဝန်ကို ပခုံးပြောင်း ယူခဲ့ရပြီး၊ နေစဉ် အသွားအပြန် နှစ်နာရီ ကြာချိန်နဲ့အတူ တုန်တုန်ချိချိ သမီးတွေကို တောင်းရမ်းကျွေးနေရသူပါ။


သမီးနှစ်ယောက်စလုံးဟာ အသက် 55 မှ 60 ကြား ဖြစ်ကြပြီး၊ နှစ်ဦးစလုံး ဒုက္ခိတတွေ ဖြစ်ကြပါတယ်။ ဒီသမီးနှစ်ယောက်အတွက် အဖိုးအိုမှာ ပင်ပန်းခြင်း၊ ရာသီဥတုဆိုးဝါးခြင်းတွေကို ဂရုမစိုက်အားပါဘူး။ နေ့စဉ်နဲ့အမျှ သူလုပ်နေကျ အလုပ်တွေကို မပျက်မကွက် လုပ်နေခဲ့ရပါတယ်။ အဖိုး Nong ရဲ့ မှတ်တမ်းဗွီဒီယိုဖိုင်ဟာ 2015 ခုနှစ်မှာ အင်တာနက်အသုံးပြုသူ တစ်ဦးရဲ့ အကူအညီနဲ့ လူတွေ သိရှိသွားခဲ့ပါတယ်။


ယင်းနောက် စေတနာရှင် အဖွဲ့တစ်ဖွဲ့ဟာ အဖိုးအိုတို့ မိသားစုအတွက် အခက်အခဲတွေကို တက်နိုင်သမျှ ကူညီဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ မြို့ထဲမှာ အိမ်ကလေးတစ်လုံး ဆောက်ပေးပြီး၊ လိုအပ်တဲ့ ဆေးစစ်မှုတွေကိုလည်း ပြုလုပ်ပေးခဲ့ကြပါတယ်။ လိုအပ်တဲ့ အစားအစာတွေကိုလည်း လစဉ်လှူဒါန်းဖို့ ရည်ရွယ်ထားကြပြီး အိမ်ကလေးက ဈေးနဲ့လည်း နီးပါတယ်။


အခုဆို အဖိုးဟာ သမီးနှစ်ယောက်အတွက် 2 နာရီ အချိန်ပေးပြီး တောင်ဆင်းတောင်တက် လုပ်စရာ မလိုတော့ပါဘူး။ သူတို့မိသားစုဟာ အိမ်ကလေးထဲမှာ မိုးလေ၊ လုံခြုံစွာ၊ အိမ်နီးနားချင်းတွေရဲ့ အကူအညီတွေနဲ့ ဘေးကင်းစွာ နေထိုင်သွားနိုင်ပြီ ဖြစ်ပါတယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*