သူစိမ်းတွေနဲ့ ကိုယ့်ကလေးရဲ့အသက်ကြား ခက်ခက်ခဲခဲ ရွေးချယ်ခဲ့ရတဲ့ ဆရာဝန်

ဆရာဝန်တစ်ဦးဟာ Covid-19 ရောဂါရှင်တွေနဲ့ အသက် (၃) နှစ်အရွယ် ကင်ဆာဝေဒနာရှင်သားလေးကို စောင့်ရှောက်ဖို့ကြား ခက်ခဲတဲ့ ဆုံးဖြတ်ချက်ကို ချခဲ့ရကြောင်း unilad သတင်းစာမျက်နှာအရ သိရပါတယ်။ အဆိုပါဆရာဝန်အမျိုးသားဟာ နစ်ခ်ဒန်နီဆန်ဆိုသူဖြစ်ပါတယ်။ သူဟာ ဆေးရုံမှာတော့ မေ့ဆေးဆရာဝန်တစ်ဦးဖြစ်ပါတယ်။ ဒါပေမဲ့ ဆေးရုံကနေပြီး နစ်ခ်ကို ဆေးအဖွဲ့နဲ့အတူ ကိုရိုနာရောဂါကူးစက်ခံနေရတဲ့လူနာတွေဆီ သွားပေးဖို့ တာဝန်ချခဲ့တာဖြစ်ပါတယ်။


နစ်ခ်အနေနဲ့ သိပ်မကြာခင်မှာပဲ ကိုရိုနာဗိုင်းရပ်စ်ဝေဒနာရှင်တွေနဲ့ နေ့စဉ်လက်ပွန်းတတီးနေရတော့မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကိုရိုနာရောဂါသည်တွေကို ကုသပေးရမှာဖြစ်တဲ့အတွက် နောက်ထပ်ခြောက်လလုံးလုံး အိမ်ကိုပြန်လာနိုင်ဦးမှာ မဟုတ်သေးပါဘူး။


အခုအချိန်မှာ ကလေးကလည်း ကင်ဆာဝေဒနာခံစားနေရတာဖြစ်တဲ့အတွက် အမှန်တော့ နစ်ခ်ဟာ ကလေးအနားမှာပဲ နေချင်ခဲ့တာ ဖြစ်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ သူက “ကျွန်တော် နောက်ထပ် ခြောက်လလုံးလုံး မိသားစုနဲ့ တွေ့နိုင်တော့မှာ မဟုတ်ဘူး။ ကျွန်တော့်အတွက် ခက်ခဲတဲ့ဆုံးဖြတ်ချက်ကို ကျွန်တော်ချရမယ်။ ကျွန်တော်မသိတဲ့သူတွေရဲ့အသက်ကို ကယ်မလား၊ ဒါမှမဟုတ် ကင်ဆာဝေဒနာ ခံစားနေရတဲ့ ကလေးနားမှာပဲနေပြီး ကလေးကိုပြုစုမလား။ ဒီနှစ်ခုထဲက တစ်ခုတော့ ရွေးချယ်ရမယ်” လို့ဆိုပါတယ်။


နစ်ခ်ရဲ့ကလေးကတော့ သွေးကင်ဆာဝေဒနာဖြစ်နေတာဖြစ်ပြီး အခုချိန်မှာ အရမ်းအားနည်းနေပါသေးတယ်။ တကယ်လို့များ ကလေးမှာသာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံလိုက်ရရင်တော့ အရမ်းစိုးရိမ်ရတဲ့ အခြေအနေမှာရှိနေပါတယ်။ ဒါပေမဲ့ နစ်ခ်ခမျာ နောက်ဆုံးတော့ ကိုယ့်ကလေးနားမှာနေမယ့် ရွေးချယ်မှုအစား ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံနေရတဲ့ ရောဂါဝေဒနာရှင်တွေကို ပြုစုစောင့်ရှောက်ဖို့အတွက်သာ ရွေးချယ်ခဲ့ပါတယ်။ ကလေးကိုတော့ ဇနီးသည်နဲ့ မိသားစုက စောင့်ရှောက်မယ်လို့ သိရပါတယ်။


ဒီအကြောင်းကိုတော့ နစ်ခ်ဟာ စိတ်မကောင်းစွာနဲ့ ပို့စ်တင်ခဲ့တာပါ။ NHS Foundation Trust အရ Covid-19 ကြောင့် သေဆုံးသူဦးရေဟာ အင်္ဂလန်မှာ (၆) ဦးရှိခဲ့ပြီလို့ သိရပါတယ်။ ဒါ့အပြင် နစ်ခ်အလုပ်လုပ်နေတဲ့ဆေးရုံမှာလည်း အရေးပေါ်ကြီးကြပ်ခန်းမှာ လူပြည့်နေပြီဖြစ်တဲ့အပြင် နေ့စဉ်နေ့တိုင်း အသက်ရှူပိုက်တွေ လိုအပ်နေဆဲဖြစ်ကြောင်းလည်း သိရပါတယ်။ နစ်ခ်ကတော့ Covid-19 ကြောင့် ဆရာဝန်တစ်ယောက်အနေနဲ့ မိသားစုနဲ့ လူနာကြား ရွေးချယ်ရခက်နေပုံကို ဖော်ပြရင်း လူတွေကို အိမ်တွင်းမှာပဲ အတတ်နိုင်ဆုံး နေထိုင်ကြဖို့လည်း တိုက်တွန်းထားပါသေးတယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*