အထင်သေးတဲ့အကြည့်နဲ့အကြည့်ခံရလို့ LV ဆိုင် မှာ စိမ်ပြေနပြေပွဲကြမ်းခဲ့တဲ့ အမျိုးသား

အထင်သေးတဲ့အကြည့်နဲ့အကြည့်ခံရလို့ LV ဆိုင် မှာ စိမ်ပြေနပြေပွဲကြမ်းခဲ့တဲ့ အမျိုးသား

မကြာသေးခင်ကပဲ မလေးရှားနိုင်ငံသား Ismail Ariffin ဆိုသူဟာ သူ့ရဲ့ Facebook ပေါ်မှာ ဗီဒီယိုတစ်ခုကို တင်ထားခဲ့ပါတယ်။ ဗီဒီယို ကတော့ Ismail ဟာ သူငယ်ချင်းဖြစ်သူ Zainal Abidin နဲ့အတူ LV ဆိုင်သို့သွားရင်း ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာလေးပါ။

Louis Vuitton တံဆိပ်ဟာ fashion လောကမှာ တန်ဖိုးကြီး luxury brand တစ်ခုအဖြစ် ရပ်တည်နေတာ နှစ်ပေါင်း ၁၆၅ နှစ်လောက် ရှိနေပါပြီ။ တစ်အိတ်တစ်အိတ်ကို ဒေါ်လာ ထောင်နဲ့ချီပေးရတဲ့အတွက် သာမန်လူလတ်တန်းစားတွေတောင် LV အိတ်တစ်လုံးဝယ်ဖို့အတွက် တော်တော်လေးစဉ်းစားရမှာပါ။

နောက်ပြီး ပစ္စည်းအရောင်းဆိုင်ထဲတွေဝင်သွားလို့ အရောင်းဝန်ထမ်းတွေရဲ့ အထင်သေးတဲ့အကြည့်တွေ၊ ဝယ်သူဖြစ်လျက်နဲ့ မတန်မရာဆက်ဆံခံရတဲ့ အခိုက်အတန့်တွေ၊ ဒါကဈေးကြီးတယ်နော်ဆိုပြီး အပြောခံရတာတွေ လူတိုင်းကြုံဖူးကြမယ်ထင်ပါတယ်နော်။ ဝယ်သူအနောက်တကောက်ကောက်လိုက်ပြီး မဝယ်နိုင်ဘဲလာရှုပ်တယ်ဆိုတဲ့အကြည့်နဲ့ အကြည့်ခံ၊ အဆက်ဆံခံရတာမျိုးတွေဟာ ကမ္ဘာအနှံ့က ဆိုင်ကြီး၊ ဆိုင်သေးမဆို အရောင်းဝန်ထမ်းနဲ့ ဝယ်သူတွေကြား ဖြစ်ပျက်နေတဲ့ ကတောက်ကဆတွေပါ။

Ismail တင်ထားတဲ့ ဗီဒီယိုမှာလည်း ဒီကိစ္စကိုအကြောင်းပြုပြီး ဆိုင်တွင်းမှာ ဆိုးဆိုးရွားရွားဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တစ်ခုပါ။ Ismail ဟာ သူငယ်ချင်းဖြစ်သူ Zainal နဲ့ မလေးရှား၊ ကွာလာလမ်ပူမှာရှိတဲ့ KLCC ကို သွားခဲ့ပါတယ်။ KLCC ဟာ ကွာလာလမ်ပူရဲ့ အကောင်းဆုံး shopping mall အဖြစ် ခံယူထားတဲ့ နေရာပါ။

KLCC မှ LV အရောင်းကောင်တာမှာပဲ လွန်ခဲ့တဲ့သုံးရက်လောက်က Zainal ဟာ ဒေါ်လာ (၇၀၀၀) တန် လက်ဆွဲအိတ်တစ်လုံးကို ဝယ်ခဲ့ပါတယ်။ အဲဒီအိတ်ကို ကောင်တာသို့ပြန်ယူကာ ထုံးစံအတိုင်း ဖောင်းကြွစာလုံးနဲ့ နာမည်လေးထိုးပေးဖို့အတွက် သွားစုံစမ်းခဲ့ပါတယ်။ ဒါကို အရောင်းသမားတွေက အိတ်ကို ဖျက်ဆီးမိသလိုဖြစ်မှာဆိုးလို့ဆိုပြီး မလုပ်ပေးနိုင်ဘူးဆိုကာ ငြင်းခဲ့ပါတယ်။ ဒီအထိ ဘာမှမဖြစ်သေးပေမယ့် အရောင်းသမားဟာ Ismail နဲ့ Zainal တို့ နှစ်ယောက်စလုံးရဲ့ အဝတ်အစားတွေကို ကြည့်ပြီး အထင်မြင်သေးရှုံ့ချတဲ့အကြည့်နဲ့ ကြည့်နေတာကို နှစ်ယောက်သားမြင်တဲ့အခါမှာတော့ Zainal ဟာ ရုတ်တရက်ဆိုသလို ကတ်ကြေးတစ်လက်ကို တောင်းလိုက်ပါတယ်။

ကတ်ကြေးရောက်လာတဲ့အချိန်မှာတော့ မပြောမဆိုနဲ့ မျက်လုံးရှေ့မှာရှိနေတဲ့ ကောင်တာမှ LV အိတ်တစ်လုံးကို ကောက်ကိုင်ကာ ကတ်ကြေးဖြင့် စိမ်ပြေနပြေ စညှပ်ပါတော့တယ်။ Zainal ဒေသထွက်ပုံကတော့ တခြားလူတွေလိုမျိုး ဒေါသနဲ့အော်ဟစ်တာတွေ၊ ပိုက်ဆံနဲ့ပစ်ပေါက်တာတွေမျိုးမဟုတ်ဘဲ လေပြေအေးလေးနဲ့စကားကို တစ်လုံးချင်းစီထိမိစွာပြောပြီး တန်ဖိုးကြီးအိတ်ကို ကပ်ကြေးနဲ့နေရာမှာတင်ညှပ်ကာ ပိုက်ဆံရှင်းသွားခဲ့တာပါ။

“LV အိတ်တွေက ငါတို့ဂုဏ်သိက္ခာထက် ပိုတန်ဖိုးကြီးတယ်လို့ ထင်နေကြတယ်ကွာ” လို့လည်း ပါးစပ်ကပြောခဲ့ပါသေးတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*