နေစရာမရှိလို့ သူငယ်ချင်းကို အိမ်ပေါ်ခေါ်တင်ထားမိရာမှ ခင်ပွန်းနဲ့လိုက်ပြေးသွားတဲ့ဖြစ်ရပ်

ကိုယ့်ရဲ့အချစ်ရဆုံးသော လင်ယောက်ျားနဲ့ ကိုယ်ကကျွေးမွေးစောင့်ရှောက်ခဲ့တဲ့ အခင်ဆုံးသူငယ်ချင်းတို့က နောက်ကျောကိုဓားနဲ့ထိုးပြီး သစ္စာဖောက်တဲ့ဖြစ်ရပ်ဟာ ရွံစရာကောင်းလွန်းလို့မရှိလောက်ပါဘူးလို့ ထင်ရပေမယ့် အပြင်လောကမှာတော့ အဲဒီလိုဖြစ်ရပ်တွေဟာ တကယ်ရှိနေပါတယ်။

အသက် (၂၂) နှစ်အရွယ် Krissie ဟာ Calum Duffy ဆိုသူ အမျိုးသားနဲ့ ဆယ်ကျော်သက်အရွယ်ကတည်းက အိမ်ထောင်ကျကာ တိုက်ခန်းလေးတစ်ခန်းမှာ အတူတူနေထိုင်နေပါတယ်။တစ်ရက်မှာတော့ Krissie ဆီကို သူခင်ရတဲ့သူငယ်ချင်းမတစ်ယောက်က ဖုန်းဆက်ကာ ရင်ဖွင့်ခဲ့ပါတယ်။ Beth Furini ဟာ Krissie နဲ့ ခင်မင်ရင်းနှီးတဲ့သူငယ်ချင်းတစ်ဦးပါ။ သူမအိမ်ငှားနေတဲ့အိမ်က ဆက်မငှားတော့တဲ့အတွက် နေစရာနေရာမရှိလို့ Krissie များနေစရာလေးသိမလားဆိုပြီး ဖုန်းဆက်မေးခဲ့ကာ အဆင်မပြေမှုတွေကို ရင်ဖွင့်ခဲ့ပါတယ်။

သူငယ်ချင်းလည်းဖြစ်၊ နဂိုကတည်းကမှ ကြင်နာတတ်တဲ့စိတ်ထားရှိတာကြောင့် Krissie ဟာ သူမတို့အိမ်မှာ အခြားအိမ်ရှာနေတဲ့အချိန်အထိ လာနေဆိုပြီး Beth Furini ကို ခေါ်တင်ခဲ့ပါတယ်။ အိပ်ခန်းကတစ်ခန်းတည်းရှိလို့ Beth Furini ဟာ ဆိုဖာပေါ်မှာ အိပ်ခဲ့ရပေမယ့် ကျောခင်းစရာနေရာလေးရအောင် ကူညီပေးတဲ့အတွက် ကျေးဇူးတင်လှပါပြီဆိုပြီး Krissie ကို ခဏခဏပြောနေခဲ့ပါတယ်။Krissie အလုပ်သွားချိန်တိုင်း ခင်ပွန်းဖြစ်သူ Calum Duffy နဲ့ သူငယ်ချင်းမ Beth Furini တို့နှစ်ယောက်တည်း အိမ်မှာ ကျန်ကျန်နေခဲ့တာပါ။ ဒါပေမယ့် စစချင်းမှာတော့ အမြင်မသင့်မှာဆိုးလို့ဆိုပြီး Calum Duffy ဖြစ်ဖြစ် Beth Furini ဖြစ်ဖြစ် အပြင်ထွက်သွားကာ Krissie အလုပ်က ပြန်လာကာမှ အိမ်ကိုပြန်လာလေ့ရှိပါတယ်။

နောက်ပိုင်း နေတာကြာလာတော့ သုံးယောက်သားဟာ ပိုရင်းနှီးသွားခဲ့ကြပါတယ်။ သစ္စာဖောက်နှစ်ဦးရဲ့ခြေလှမ်းတွေကို Krissie တစ်ယောက် စတင်သတိထားမိတဲ့ အခေါက်မှာ သူတို့နှစ်ယောက်ဟာ ဆိုဖာပေါ်မှာ နီးနီးကပ်ကပ်ထိုင်နေကြပြီး ဖုန်းတစ်လုံးကို အာရုံစူးစိုက်ကြည့်နေရင်း ရယ်မောနေကြတာပါ။ ဒီမြင်ကွင်းကို Krissie အလုပ်ကပြန်လာလို့ အိမ်ကိုသော့ဖွင့် ဝင်လိုက်တဲ့အချိန်မှာ မြင်ခဲ့ရတာဖြစ်ပြီး စစတွေ့ချင်းမှာတင် မင်သက်နေခဲ့ပါတယ်။

အထာနပ်တဲ့ Krissie ရဲ့ ခင်ပွန်းဟာ ဆိုဖာပေါ်ကနေခုန်ဆင်းကာ Krissie ကို ပြေးဖက်ကာ အိမ်ပြန်ရောက်ပြီလား၊ အိပ်မလို့ပဲ ဒါပေမဲ့ Beth ကို မင်းပြန်မလာသေးလို့ အဖော်လုပ်ပေးနေတာ ဘာညာနဲ့ပြောကာ သရုပ်ဆောင်ခဲ့ပါတယ်။ ရိုးသားတဲ့ Krissie ဟာလည်း ခင်ပွန်းသည်ရဲ့စကားကို ယုံကြည်ခဲ့ပေမယ့် စိတ်ထဲတော့သိပ်ဘဝင်မကျခဲ့ပါဘူး။သိပ်မကြာခင်မှာပဲ Calum Duffy ဟာ Krissie ကို မချစ်တော့ကြောင်း တစ်ယောက်တည်း နေချင်ကြောင်းပြောပြီး အိမ်မှထွက်သွားကာ နှစ်ဦးသား လမ်းခွဲခဲ့ပါတယ်။ Krissie ဟာ စီးပွားရှာလည်းတော်ပြီး ဇနီးမယားကောင်းပီသသူလည်းဖြစ်တာကြောင့် ခင်ပွန်းသည်ထားသွားတာ ဘာကြောင့်လည်းဆိုတဲ့ အကြောင်းအရင်းကို လုံးဝမမှန်းတတ်ခဲ့ပါဘူး။

ဒါကြောင့် ရက်ပေါင်းများစွာ သူ့ဘေးမှာရှိနေခဲ့သေးတဲ့ သူငယ်ချင်း Beth ကို ရင်ဖွင့်ကာ ငိုကြွေးခဲ့ပါတယ်။ ဒါပေမဲ့ Beth ဟာလည်း Krissie နည်းနည်းလေး စိတ်သက်သာရာရချိန်မှာ အိမ်တွေ့ပြီဆိုပြီး အိမ်ပြောင်းသွားခဲ့ပါတယ်။ တကယ်တော့ အိမ်ခြေယာမဲ့ဖြစ်နေလို့ ခေါ်တင်ထားတဲ့ သူငယ်ချင်း Beth နဲ့ ခင်ပွန်း Calum Duffy တို့ဟာ စည်းဝါးကိုက်ကာ Krissie ကို အရူးလုပ်သွားခဲ့ကြတာပါ။

မကြာခင်မှာပဲ Calum Duffy နဲ့ Beth Furini တို့ဟာ ဖေ့စ်ဘွတ်ခ် ပေါ်မှာ relationship တင်ခဲ့တာကို မြင်တဲ့သူတွေက Krissie ကို ပြန်ပြောခဲ့ကြပါတယ်။ Krissie ကိုယ်တိုင် Beth ကို မေးတဲ့အချိန်မှာတော့ “တောင်းပန်ပါတယ်၊ တကယ်ချစ်သွားလို့ပါ” ဆိုတဲ့စကားသာပြောခဲ့ပါတယ်။အခုအချိန်မှာတော့ သစ္စာဖောက်နှစ်ယောက်ဟာ ရင်သွေးလေးရှိနေပြီး Krissie တစ်ယောက်လည်း နေသားကျနေပြီဆိုပေမယ့် အတိတ်ရဲ့ အဖြစ်ဆိုးကြီးကိုတော့ တော်တော်နဲ့မေ့ပျောက်ဖို့ မရနိုင်သေးပါဘူး။ သို့ပေမယ့် ကလေးရပြီဆိုတဲ့သတင်းကြားတဲ့အတွက် တရားဝင်ကွာရှင်းဖို့ကို ပြုလုပ်နေပါပြီ။

Be the first to comment

Leave a Reply

Your email address will not be published.


*