
ရုံးစေ၊ ရုံးလုလင်ဆိုတာ မြန်မာလို အလွယ်ပြောရရင် ပြာတာပါဘဲ။ အထက်က ခိုင်းသမျှကို လုပ်ပေးရသူပါ။ လက်ဖက်ရည်ဝယ်ပေးဆို ဝယ်ပေးရတယ်။ မိတ္ထူကူးဖို့၊ တိုလီမုတ်စခိုင်းဖို့အတွက် ခန့်အပ်ထားတဲ့ ရာထူးပါ။ ရုံးတစ်ခုမှာ လစာအနည်းဆုံးဆိုသော်လည်း အလုပ်လုပ်ရဆုံးသူက ပြာတာပါဘဲ။
အခုလည်း အသက်(၆၀)အရွယ် အဖိုးအိုတစ်ဦးဟာ နှစ်ပေါင်း(၄၀)ကြာ ကျောင်းပြာတာဘဝကနေ အနားယူတဲ့နေ့မှာ သူ့ အိပ်မက်ထဲက အစီအစဉ်ကို အကောင်အထည်ဖော်ခဲ့ပါတော့တယ်။ တကယ်တော့ ဒီအစီအစဉ်ကို သူ့ မိသားစုဝင်တွေကို ပြောပြခဲ့ပေမယ့် ဘယ်သူကမှ အရေးအရာ မစိုက်ခဲ့ပါဘူး။ သူ့အစီအစဉ်ဟာ တကယ်အကောင်အထည်ဖော်ဖို့လည်း ခဲယဉ်းပါတယ်။
အဖိုးရဲ့နာမည်ကတော့ Kude Ram ဖြစ်ပြီး၊ ရွာဥက္ကဋ္ဌဖြစ်တဲ့ သူ့ညီကို ပြောပြမှ သူ့ညီက အကောင်အထည်ဖော်ပေးဖို့ စိတ်ကူးခဲ့တာပါ။ ကျောင်းတာဝန်ရှိသူတွေကလည်း Ram အတွက် မှတ်မှတ်ထင်ထင်ဖြစ်စေမယ့် နှုတ်ဆက်ပွဲလေး စီစဉ်ပေးခဲ့ပြီ၊ ပြီးခဲ့တဲ့ အင်္ဂါနေ့ နေ့လည်ပိုင်းမှာ Ram ဟာ (၂)ကီလိုမီတာသာဝေးတဲ့ အိမ်ကို ရဟတ်ယာဉ်နဲ့ ပြန်လာခဲ့ပါတယ်။ ရွာသားတွေဟာ ထင်မှတ်မထားတဲ့ ကိစ္စမို့ အတော်လေး အံ့သြနေပါတယ်။
ရွာမှာ ယာယီ ရဟတ်ယာဉ် ရပ်နားကွင်း တည်ဆောက်ခဲ့ပြီး၊ ကုန်ကျစာရိတ်က အိန္ဒိယရူပီး (၃)သိန်းခွဲအထိ ရှိခဲ့ပါတယ်။ မြန်မာငွေနဲ့ဆိုရင်တော့ (၇)သိန်းကျော် ကုန်ကျခဲ့ပါတယ်။ Ram ကို ရွာသားတွေက ခမ်းခမ်းနားနား ထွက်ကြိုခဲ့ကြပြီး၊ သူတို့ရွာလေးအမည်ကတော့ Sadpura ဖြစ်ပါတယ်။
Ram ဟာ သူရဲ့ စိတ်ကူးအိပ်မက် အကောင်အထည်ဖော်နိုင်ခဲ့တာကြောင့် အလွန်ပျော်ရွှင်နေပါတယ်။ Ram က “ကျွန်တော်က ပညာ သိပ်မတတ်ပါဘူး … ဘဝမှာ ဘာရယ်လို့ မယ်မယ်ရရ ရခဲ့တာမျိူးလည်း မရှိခဲ့ဖူးပါဘူး … ကျွန်တော့်ဘဝမှာ ကျွန်တော့်သမိုင်းလေးကိုတော့ ကျွန်တော် ရေးသွားချင်ပါတယ် … နှစ်ပေါင်းများစွာ စိတ်ကူးနေခဲ့ပြီးနောက် ”
“ကျွန်တော့်ရဲ့ ဝန်ထမ်းဘဝက အနားယူမှုကို မှတ်မှတ်ရရဖြစ်သွားအောင် ကျွန်တော် ကြိုးစားခဲ့ချင်ပါတယ် … ဒီနည်းအားဖြင့် လူတွေက ကျွန်တော့်နာမည်ကို အတိုင်းအတာတစ်ခုအထိ မှတ်မိနေမှာပါ ”လို့ ပြောခဲ့ပါတယ်။ Ram ဟာ အသက်(၂၀) ဝန်းကျင်လောက်မှာ လစာအလွန်နည်းပါးတဲ့ ရုံးစေအလုပ်ကို စတင်လုပ်ကိုင်ခဲ့တာဖြစ်ပြီး၊ နှစ်ပေါင်း(၄၀)ကျော် သစ္စာရှိစွာ ပေးဆပ်ခဲ့သူ ဖြစ်ပါတယ်။
Leave a Reply