
အသက် ၃၅နှစ် ရှိပြီဖြစ်တဲ့ Asmelash Zeferu အမည်ရ ပုဂ္ဂိုလ်ဟာ YouTube အင်တာနက် ဗီဒီယိုများကို လေ့လာပြီးတော့ ကိုယ်ပိုင် လေယာဉ်ငယ် တစ်စီးကို တီထွင် ဖန်တီးနိုင်ခဲ့ ပါတယ်။ သူ့ရဲ့ ငယ်စဉ်ကတည်းက အိပ်မက်ဟာ လေယာဉ်မှုးဖြစ်ပြီး တစ်ချိန်က အီးသီယိုးပီးယားရဲ့ လေယာဉ်မောင်း အကယ်ဒမီကျောင်း တစ်ခုကို တက်ရောက် လျှောက်ထားတော့ အပယ်ချခံခဲ့ရ ပါတယ်။
ဒါပေမယ့် သူ့ရဲ့ အိပ်မက်ကို လက်လွတ် အဆုံးရှုံး မခံနိုင်ပါဘူး။ လေယာဉ်မောင်း မဖြစ်ရသေးတော့ အရင်ဆုံး လေယာဉ် တီထွင်သူ ဖြစ်အောင် လုပ်ပါတယ်။ သူတီထွင်ထားသော လေယာဉ်ပေါ်မှာ သူကိုယ်တိုင် မောင်းနှင်ဖို့ အတွက် ဖြစ်ပါတယ်။
အသက် ၂၅ နှစ် အရွယ်ကနေ စတင်ပြီးတော့ တီထွင် ဖန်တီးခဲ့ရာ စုစုပေါင်း ၁၀ နှစ်ကြာခဲ့ ပါတယ်။ ၁၀ နှစ်ပြည့်တဲ့ အချိန်မှာ မောင်းနှင်ဖို့ အဆင်သင့်ဖြစ်တဲ့ လေယာဉ် တစ်စီးကို ရရှိခဲ့ပါတ်။ လေယာဉ် အင်ဂျင်အတွက် ဗို့စ်ဝက်ဂွန်ကား အင်ဂျင်ကို အသုံးပြုပြီး Landing Gear အတွက် ယင်းကားက ဘီးကိုပဲ ပြန်လည် အသုံးပြု ပါတယ်။
လေယာဉ်ကို ပညာရှင်များနဲ့ စစ်ဆေးပြီး ဖြစ်ပြီး လေပေါ် ပျံရန် အဆင်သင့် ဖြစ်နေပြီ ဖြစ်ပါတယ်။ ဒါပေမယ့် သူ့အနေနဲ့ ယင်း လေယာဉ်ကို ပိုမို ကောင်းမွန်အောင် upgrade လုပ်ပြီး ဇွန်လမှာ မောင်းနှင်မှာ ဖြစ်ကြောင်း ဆိုပါတယ်။ သူ့ရဲ့ စိတ်ကူး အိပ်မက် တစ်ခုကတော့ NASA မှာ အာကာသယာဉ် အင်ဂျင်နီယာ တစ်ယောက်လည်း ဖြစ်လိုကြောင်း ဖြေကြားခဲ့ ပါတယ်။
Leave a Reply