ကြော်ငြာဆိုင်းဘုတ်ပေါ်က ကလဲ့စားစာသား

ဒေါသထွက်နေတဲ့ဇနီးတစ်ယောက်က သစ္စာဖောက်တဲ့သူ့အမျိုးသား အလုပ်သွားရာလမ်းက ဧရာမကြော်ငြာဆိုင်းဘုတ်ကြီးထက်မှာ ပြတ်စဲကြောင်းစကားဆိုပြီး စွန့်ပစ်လိုက်တာက ယူကေမှာ လူပြောများတဲ့ကိစ္စတစ်ခုဖြစ်နေပါတယ်။ လီဆာလို့သိရတဲ့ အဲဒီအမျိုးသမီးဟာ သူ့အမျိုးသား ပေါလ် အလုပ်သွားရာလမ်းမှာ မြင်တွေ့နိုင်မယ့် ၁၅ပေ x ၁၀ ပေ ကြော်ငြာဆိုင်းဘုတ်ပေါ်မှာ သူပြောချင်တဲ့စကားကို တင်ခိုင်းခဲ့တာဖြစ်ပါတယ်။ ကြော်ငြာဆိုင်းဘုတ်ပေါ် သူတင်ခဲ့တဲ့စာကတော့ “သို့ သစ္စာမရှိတဲ့ ကျွန်မအမျိုးသားပေါလ်၊ ရှင်တို့ချင်း တန်ပါတယ်။ ရှင်အိမ်ပြန်လာရင် ကျွန်မရှိတော့မှာ မဟုတ်ဘူး။ အလုပ်အသွား ကားမောင်းရအဆင်ပြေပါစေ။ လီဆာ”ဆိုပြီး ဖြစ်ပါတယ်။

တောင်ဘက်ယော့ခ်ရှိုင်းယားမြို့အဝင်က အဓိကလမ်းမကြီးဖြစ်တဲ့ ရှက်ဖီးပတ်ခ်ဝေးမှာ ဒီဆိုင်းဘုတ်ရှိနေတာဖြစ်တဲ့အတွက် မော်တော်ယာဉ်နဲ့သွားလာသူ ထောင်ပေါင်းများစွာကလည်း လီဆာရဲ့ပြောစကားကို ဆိုင်းဘုတ်ထက်မှာ မြင်တွေ့ခဲ့ရပါတယ်။ အဲဒီဆိုင်းဘုတ်ဟာ အင်္ဂါနေ့ည ၁၁ နာရီလောက်ကစပြီး အဲဒီစာသားကိုတင်ထားခဲ့တာဖြစ်တာကြောင့် လူတော်တော်များများက သတိထားမိသွားကြပြီး တွစ်တာမှာပြန်တင်ခဲ့ကြတာတွေလည်းရှိပါတယ်။

တချို့လူတွေကတော့ လူမှုကွန်ရက်တွေမှာတင်ထားတဲ့ပုံတွေက အစစ်ဟုတ်ရဲ့လားလို့ သံသယဝင်ခဲ့ပေမယ့် အဲဒီဆိုင်းဘုတ်ပိုင်ရှင်ဖြစ်တဲ့ Anco Digital က အစစ်ဖြစ်ကြောင်း အတည်ပြုပေးခဲ့ပါတယ်။ သူဟာ အဲဒီကြော်ငြာဆိုင်းဘုတ်အသုံးပြုခကို ပေါင် ရာပေါင်းများစွာ ပေးချေခဲ့တယ်လို့ သိရပြီး အလုပ်သွားချိန်မှာ သူ့စာသားတင်ထားဖို့ ပြောခဲ့ကြောင်းလည်း သတင်းတွေကဖော်ပြခဲ့ပါတယ်။
အခုလိုအဖြစ်မျိုးတွေက အမေရိကန်မှာဖြစ်ခဲ့ဖူးပေမယ့် အင်္ဂလန်မှာတော့ ပထမဆုံးအကြိမ်ဖြစ်လို့ လူတော်တော်များများအတွက် အထူးအဆန်းဖြစ်နေပါတယ်။ လီဆာဟာ သူ့အမျိုးသားသစ္စာဖောက်ကြောင်းသိပြီးနောက်မှာ လက်စားချေဖို့သေချာပြင်ဆင်ခဲ့ပြီး လွန်ခဲ့တဲ့ ၂ ပတ်ကတည်းက ကြော်ငြာအေဂျင်စီကို ချဉ်းကပ်ခဲ့တယ်လို့သိရပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*