မင်္ဂလာဦးည မှာ လူရော စိတ်ရော မောသွား ရ တဲ့ သတို့သား

နှစ်ဖက်မိဘ သဘောတူညီမှုနဲ့ အိမ်ထောင်ပြု ကြတယ်။ မင်္ဂလာဆောင်တယ်။ ထုံးစံအတိုင်းပါပဲ။ လာသမျှလူတွေကို ပြုံးပြရတယ်။ သိသိမသိသိ နှုတ်ဆက်ရတယ်။ဒီလိုနဲ့ မင်္ဂလာဆောင်ပွဲကြီး ပြီးသွားတယ်။ စိတ်မော၊ လူမောနဲ့ …။

ငယ်သူငယ်ချင်း ယောကျာ်းတွေက ‘ခဲဖိုး’ တောင်းတယ်၊ငယ်သူငယ်ချင်း မိန်းကလေးတွေကတော့ ‘ရွှေကြိုး’ တားကြ တယ်။ ကျွန်တော်ကလည်း မငြင်းဘူး။ ပေးစရာရှိတာ ပေးလိုက် တယ်။ ဒါမှ မင်္ဂလာဦးရဲ့ညဦးမှာ လူရှင်းတော့မှာပေါ့။

ဒီလိုနဲ့ ညရောက်လာတယ်။ဒီနေ့ညက အရမ်း တန်ဖိုး ရှိတယ်။သူ ရင်ထဲမှာ ဘယ်လိုရှိနေမယ် တော့ ကျွန်တော် မသိဘူး။ ကျွန်တော် ရင်တွေ အရမ်း ခုန်နေတယ်။တစ်မျိုးကြီးပဲ။

မင်္ဂလာဦးညဆိုတော့ ရင်ထဲမှာ ရေဆာသလိုလို၊ ဗိုက်ပြည့် သလိုလို…။ ဘယ်လိုကြီးမှန်း မသိပါဘူး။အိပ်ရာ စောစော ဝင်မယ် လို့ စိတ်ကူးတယ်။လူကို သန့်သန့်ရှင်းရှင်းဖြစ် သွားအောင် ရေချိုးလိုက်တယ်။

ဘယ်သူငယ်ချင်းနဲ့မှ မတွေ့ချင်ဘူး။တတ်နိုင်ရင် ဘယ်ဧည့်သည်မှ မလာစေချင်ဘူး။ဘယ်သူနဲ့မှလည်း စကားမပြောချင်ဘူး။ဒီနေ့ညက အရေးကြီးတယ်လေ။

အဲဒီအချိန်မှာ မမျှော်လင့်ဘဲ ‘အဖေ’ နဲ့ ‘အမေ’ ရောက်လာ တယ်။ ည (၉) နာရီလောက် ရှိနေပြီ။ အဖေက အမေ့ကို စက်ဘီး ပေါ်တင်ပြီး ကျွန်တော့်ဆီကို အရောက်နင်းလာခဲ့တာ။ စက်ဘီးနင်း ခဲ့ရတဲ့ အဖေ့မှာ မောလို့ … ။

အဖေနဲ့ အမေ ရောက်လာတော့ သင်ဖြူ းဖျာကလေးကို ခင်း … ။ လက်ဖွဲ့ရတဲ့ မင်္ဂလာဦး အချိုရည်ပန်းကန် ကလေးထဲမှာ အဖေနဲ့အမေကို ကော်ဖီဖျော်တိုက် …။

ကျွန်တော်က အမေ့ကို မေးလိုက်တယ်။”အမေတို့ …။ ညကြီးအချိန်မတော် ဘာကိစ္စများ အရေးကြီး လို့ ရောက်လာကြတာလဲ”
အမေက ဘာမှ ပြန်မပြောဘူး။ ကော်ဖီကို ကုန်အောင် သောက်တယ်။ ကော်ဖီကုန်သွားပြီဆိုမှ အမေက အိမ်ထောင်ရေး တရား ဟောတော့တာပါပဲ။

“ဒီမယ် ငါ့သား၊ ဒီစကားဟာ ဒီနေ့ည ပြောမှ အဓိပ္ပါယ်ရှိမှာမို့ အမေ ရောက်အောင်လာခဲ့တာ””ဘာစကားမို့လဲ . . . အမေရယ်”
”အမေ အခုပြောမယ့်စကားက သားရတဲ့ လက်ဖွဲ့တွေ ထဲမှာ အကောင်းဆုံးလက်ဖွဲ့ ဖြစ်လိမ့်မယ်…

လက်ဖွဲ့ပစ္စည်းဆိုတာ အချိန်တန်ရင် ဟောင်းသွားမယ်။ ပျက်စီးသွားမယ်။ ပျောက်ပျက် သွားမယ်။ အမေ အခုပေးမယ့် လက်ဖွဲ့ကတော့ အချိန်ကြာလေ လေ တန်ဖိုးရှိလေလေ … ။ အတွေးဉာဏ် ရင့်ကျက်လေလေ အသုံးဝင်လေလေ ….ဖြစ်စေမယ့် လက်ဖွဲ့ပဲ …”

အမေက သူ့စကားတွေကို နိဒါန်းတွေချီနေတယ်။ကျွန်တော်က အိပ်ယာဝင်ချင်လှပြီ။အမေ့အကြောင်း သိပ်မသိတဲ့ ကျွန်တော့်အမျိုးသမီးက ကျွန်တော့်အမေကို ‘ဘာကြီးလဲ …’ဆိုတဲ့ အကြည့်မျိုးနဲ့ ကြည့်နေ တယ်။

“အမေ အခုပြောမယ့် စကားဟာ အမေတို့ အိမ်ထောင်ရေး ဘဝနဲ့ ရင်းပြီး ရလာခဲ့တဲ့ စကားပဲ””ဘာလဲ အမေရယ်” ”ဒီမယ် ငါ့သား…။ လူတချို့က စီးပွားရေး အောင်မြင်ကြ တယ်။ ဒါပေမဲ့ အိမ်ထောင်ရေး မအောင်မြင်ကြဘူး။ လူတချို့ ကတော့ စီးပွားရေးလည်း မအောင်မြင်ဘူး။

အိမ်ထောင်ရေး လည်း မအောင်မြင်ဘူး။ လူတော်တော်များများကတော့ စီးပွားရေးကို အိမ်ထောင်ရေးထက် ပိုအရေးကြီးတယ်လို့ မြင်ကြတယ်။ အမေတို့လည်း သားတို့လို ဟိုး… လွန်ခဲ့တဲ့နှစ်ပေါင်း (၃၀) ကျော်တုန်းက အချစ်တစ်ခုတည်းနဲ့ ဘဝကို ပြည်စုံပြီလို့ ထင်ခဲ့ကြတယ်။

အမေတို့ရဲ့ အမှားတွေ၊နောင်တတွေ၊ မိုက်မဲမှုတွေ ကို သားတို့ မင်္ဂလာဦးညမှာ သိစေချင်လို့၊ ဆင်ခြင်စေချင်လို့ စကားအဖြစ် လာပြီး လက်ဖွဲ့တာပဲ … “ဒီအချိန်မှာ ‘ကျွန်တော့်မိနိးမ အသစ်စက်စက်’ က စိတ်မဝင် စားတဲ့ အမူအရာနဲ့ အိပ်ငိုက်နေပါတော့တယ်။

“ငါ့သား …။ အိမ်ထောင်ရေးဆိုတာ ရေပြင်ပေါ် ခရီးသွားခြင်းပဲ။ လင် ယောကျာ်းက ‘ရွက်’ နဲ့ တူတယ်။ ဇနီးမယားက
‘လှော်တက်’ နဲ့ တူတယ်။ စိတ်သဘောထား ပြေလည်မှုဟာ ‘လှေ’ နဲ့ တူတယ်”အမေ့စကားကို ကျွန်တော် နားမလည်ပါ။

အမေ့စကားရဲ့ ရည်ရွယ်ချက်ကိုလည်း ကျွန်တော် မသိပါ။အမေက ဆက်ပြောတယ်။

“လှေတစ်စင်းမှာ ‘ရွက်’ ဆိုတာ ‘လေ’ လာရင် လှေကို ဟိုး . . . အဝေးကြီးအထိ သယ်ဆောင်သွားနိုင်တယ်။ ရေစီး
ဘယ်လောက်ကြမ်းကြမ်း လေတိုက်နေလို့ကတော့ ဒီလှေဟာ ရေဆန်ကိုလည်း မမှုဘူး။ ‘ရွက်’ ဆိုတာ လင်ယောကျာ်းနဲ့ တူတယ်။

ကံအကြောင်းလှလို့ ‘ဝင်ငွေကောင်း’ တဲ့အခါ ရှိမယ်။ ‘လေ’ လာသလို့ပေါ့ကွယ်။ ကံအကြောင်းမလှလို့ ‘ဝင်ငွေနည်း’ တဲ့အခါလည်း ရှိမယ်။
‘လေ’ မတိုက်သလိုပေါ့ကွယ်။ အမေတို့လို မိန်းမသားတွေဟာ ယောကျာ်း ဝင်ငွေဖြောင့်နေရင် ကြည်ဖြူ ကြတယ်။
ယောကျာ်း ဝင်ငွေမကောင်းရင် စိတ်ထဲမှာ သိပ်အဆင် မပြေချင်ကြဘူး

အဲဒီအချိန်မှာ အဖေ က အမေ့ကို တစိမ့်စိမ့်ကြီး စိုက်ကြည့်နေတယ်။”မင်းအဖေ ဝင်ငွေကောင်းတုန်းက ငါ့စိတ်ကတစ်မျိုး။
မင်းအဖေ ဝင်ငွေမကောင်းတော့ ငါ့စိတ်က သိပ်အဆင် မပြေချင်ဘူး။ အမေတို့ မိန်းမသားတွေဟာ လှေတစ်စင်းမှာရှိတဲ့ ‘လှော်တက်’ တူပြန်တယ်။

လေလာလို့ လှေပြေးရင် ‘လှော်တက်’ ဆိုတာ ပဲ့ထိန်း ရုံသက်သက်ပဲ။ ‘လေမလာလို့ လှေမပြေး’ ရင် ‘လှော်တက်’ ဆိုတာ
‘ပဲ့ထိန်း’ ရုံတင် မဟုတ်တော့ဘူး။ ဝင်ပြီး လှော်ရတယ်”

“အမေက အမေတို့ရဲ့အိမ်ထောင်ရေးမှာ’လှော်တက်’ တစ်ချောင်းပဲ။ ဒါပေမဲ့ ‘ပဲ့ထိန်း’ ရုံသာထိန်းခဲ့တဲ့ ‘လှော်တက်’ …။
မင်းအဖေ ဝင်ငွေမကောင်းတော့ မင်းအဖေကိုပဲ အပြစ်မြင်မိ တယ်။ ဝင်ပြီး ‘လှော်’ ဖို့ စိတ်မကူးမိခဲ့ဘူး။ ‘လှော်’ ရကောင်းမှန်း လည်း မသိခဲ့ဘူး။

ဒါကြောင့် ငါ့သမီးက ‘ပဲ့ထိန်း’ သင့်တဲ့အချိန်မှာ ‘ပဲ့ထိန်း’ ပေးသလို လှော်သင့်တဲ့အချိန်မှာလည်း ဝင်ပြီး ‘လှော်’ ရဲတဲ့
‘လှော်တက်’ တစ်ချောင်းဖြစ်ဖို့လိုတယ်”အမေ့စကားက တော်တော် အဓိပ္ပါယ်ပါတာပဲ။

မြန်မာ့ လူ့အဖွဲ့အစည်း အိမ်ထောင်ရေးမှာ ယောကျာ်းတွေ က ‘ငွေ’ ရှာတယ်။ မိန်းမတွေက ‘အိမ်ထောင်မှု’ ထိန်းသိမ်းတယ်။ ဒီလောက်ပဲ အမြင်ရှိကြတယ်။အမေ့စကား က ဒီ့ထက် လေးနက်တယ်။

“ဆက်ပြောရဦးမယ် ငါ့သား ။ ‘လေလာ’ လို့ လှေပြေးပါရဲ့၊ ‘ပဲ့ထိန်း’ လည်း ကောင်းပါရဲ့၊ လေမလာရင်လည်း ‘လှော်တက်’
ကဝင်ပြီး လှော်ပါရဲ့၊ ဒါပေမဲ့ ‘လှေပေါက်ကြီး’ ဖြစ်နေရင် ဘယ်လိုလုပ်မလဲ ”

” ဒါ့ကြောင့် … စိတ်သဘောထားပြေလည်မှု’ ဟာ ‘လှေ’ နဲ့တူတယ် ငါ့သား။ ‘အိမ်ထောင်ရေး’ တော်တော်များများဟာ
‘လှေပေါက်ကြီး’နဲ့ တူတယ်။ ခရီးရှည်ကြီးကို သွားရမယ့် ‘လှေ’ ဟာ ပေါက်နေရင် အလကားပဲ။ ‘လေ’ လာလည်း ဘာထူးမှာလဲ။ ‘ပဲ့ထိန်း’ ရင်လည်း အလကားပဲ။

ဝိုင်းကူပြီး လှော်ပေးရင်လည်း အလကားပဲ။ ‘လှေပေါက်ကြီး’ နဲ့ ခရီးမသွားမိဖို့ အရေးကြီးတယ်”အမေက စကားပြောရင်း
အဖေ့ကို လှည့်ကြည့်လိုက် တယ်။”မင်းအဖေနဲ့ ငါဟာ တစ်ယောက်ကိုတစ်ယောက် ချစ်ကြပါတယ်။
ဒါပေမဲ့ စိတ်သဘောထားချင်း မတိုက်ဆိုင်ကြ ဘူး။ စိတ်ချင်း အဆင်မပြေဘူး။ တစ်ယောက်စိတ်ကိုတစ်ယောက် နားမလည်ဘူး”

“ဒီတော့ အမေတို့ရဲ့ ‘အိမ်ထောင်ရေး လှေကြီး’ ဟာ ခရီး အဝေးကြီးကို မရောက်ခဲ့ဘူးပေါ့။ တစ်ခါတလေ
အမေက ‘လှေ’ ကို အပေါက်ဖြစ်အောင် ဖောက်ပစ်တယ်။ ‘လှေပေါက်’ ကို ပြန်ပြီး ဖာထေးနေရတာနဲ့ အမေတို့ အိမ်ထောင်ရေးဟာ မအောင်မြင်ခဲ့ ဘူး။

တစ်ခါတလေ မင်းအဖေက အမေတို့ရဲ့ အိမ်ထောင်ရေး လှေကြီးကို သူက ဖောက်ပစ်ပြန်တယ်။ ဒီလိုနဲ့
အမေတို့ရဲ့ ‘ခရီးရှည် အိမ်ထောင်ရေးဘဝကြီး’ ဟာ သားတို့ သိခဲ့ကြတဲ့အတိုင်းပဲ။ ခရီး မရောက်ခဲ့ဘူး။ မအောင်မြင်ခဲ့ဘူး”

အမေပြောတာ ဟုတ်ပါတယ်။ကျွန်တော်ဟာ သားအကြီးဆုံးဖြစ်တော့ အမေတို့ရဲ့ အိမ်ထောင်ရေးနဲ့ မိသားစုရဲ့ ဘဝကို
အစအဆုံး သိထားတဲ့သူ…။အဲဒီအချိန်မှာ ကျွန်တော့်အသစ်စက်စက်မိန်းမက သူ့ယောက္ခမဖြစ်တဲ့ ကျွန်တော့်အမေကို စိတ်ဝင်တစားနဲ့ ကြည့်နေပါတယ်။

“ကဲ . . . သားနဲ့သမီး အမေ့စကားကို… အမေ လိုရင်းပြောမယ် နော်။ ဒီစာတန်းကလေးကို အိမ်မှာချိတ်ထား။
အဲဒါ အမေ့ရဲ့ လက်ဖွဲ့ပဲ။ ကဲ. . . အမေတို့ ပြန်တော့မယ်။ သားနဲ့သမီးလည်း အိပ်ရာဝင်ချင်ကြမှာပဲ။
သားတို့ရဲ့ ပထမဦးဆုံး မင်္ဂလာညမှာ ပျော်ရွှင်ပါစေကွယ် … ”

အမေပေးသွားတဲ့ လက်ဖွဲ့စာတန်းက . . .

အိမ်ထောင်ရေးဘဝမှာ . . .

လင်ယောကျာ်းက . . . ‘ရွက်’

ဇနီးမယားက . . . ‘လှော်တက်’

စိတ်သဘောထား ပြေလည်မှုက . . . ‘လှေ’

လှေပေါက်ကြီးနဲ့ခရီးမသွားကြနဲ့…။

ဦးဘုန်း (ဓာတု) မန္တလေး အဖေ့အိမ် အတွေးရသ စာအုပ်မှ

Be the first to comment

Leave a Reply

Your email address will not be published.


*