
အမေရိကန်နိုင်ငံ၊ အရှေ့တောင်ပိုင်း လူဝီစီယားနားပြည်နယ်မှာ ကျင်းပတဲ့ နပမ်းပွဲတစ်ခုထဲက ဖြစ်ရပ်ဟာ ကြည့်ရှုသူတွေရော၊ ကြားရသူတွေကိုပါ မယုံနိုင်အောင် ဖြစ်သွားစေခဲ့တာပါ။ Esplanade ဈေးဝယ်စင်တာထဲမှာ ကျင်းပခဲ့တဲ့ WildKat Sports နပမ်းပြိုင်ပွဲ၊ နှစ်ယောက်တွဲပွဲစဉ်မှာ ပါဝင်ယှဉ်ပြိုင်သူ တစ်ယောက်က ဘယ်သူမှ ထင်မထားတဲ့ အကွက်မျိုးသုံးပြီး ပြိုင်ဖက်တွေကို အနိုင်ယူပစ်လိုက်တဲ့အကြောင်းပါ။
PJ Hawx လို့ခေါ်တဲ့ နပမ်းသမားလူငယ်ဟာ သူ့ရဲ့ဖခင်ဖြစ်သူနဲ့အတူ ဒီပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်တာဖြစ်ပြီး ဖခင်ဖြစ်သူ ကြိုးဝိုင်းထဲမှာ ထိုးသတ်နေချိန်မှာ သူက ဈေးဝယ်စင်တာရဲ့ ဒုတိယထပ်ကို ပြေးတက်လာခဲ့ပါတယ်။ နှစ်ယောက်တွဲပွဲစဉ်ဖြစ်လို့ သူ့ရဲ့ဖခင်ဖြစ်သူ Luke Hawx ဟာ ပြိုင်ဖက်နှစ်ဦးနဲ့ ထိုးသတ်နေရချိန်မှာ သားဖြစ်သူ ကြိုးဝိုင်းထဲ ရောက်မလာတာကြောင့် လဲကျမလို ဖြစ်နေခဲ့တာပါ။
PJ Hawx က ဈေးဝယ်စင်တာရဲ့ ဒုတိယထပ်အထိ တက်ခဲ့ပြီး အဲဒီ ဒုတိယထပ်ရဲ့ ဝရန်တာကနေ ကြိုးဝိုင်းထဲကို ခုန်ချဖို့ ကြိုးစားခဲ့တာပါ။ ဝရန်တာက အောက်ခြေနဲ့ တော်တော်လေး မြင့်ပြီး အခန့်မသင့်ရင် ခြေလက်တွေ ကျိုးသွားနိုင်တဲ့အနေအထားပါပဲ။ဒါပေမယ့် PJ Hawx ကတော့ သတိကြီးကြီးထားပြီး ခုန်ချခဲ့ပါတယ်။ သူ့ရဲ့ခုန်ချမှုက ပြိုင်ဖက်နပမ်းသမားတွေပေါ်ကို တည့်တည့်ကျသွားခဲ့ပြီး အားလုံး လဲကျသွားခဲ့တာပါ။
ပွဲကြည့် ပရိသတ်တွေထဲက တစ်ယောက်က ဒီအဖြစ်အပျက်လေးကို ဗီဒီယို ရိုက်ထားခဲ့ပြီး တွစ်တာပေါ် တင်လိုက်တဲ့အခါ PJ Hawx ရဲ့ အဆန်းထွင်မှုကို အားလုံးက အံ့သြကုန်ကြပါတော့တယ်။
Hawx's are known to fly, they just didnt tell you it was off the second story of the mall. 🤼♂️🕊 @WildKatSports @LukeHawx504 pic.twitter.com/C8iJNWWrT0
— PJ Hawx (@pj_hawx) February 10, 2020
ဒီဖြစ်ရပ်မှာ ဒဏ်ရာရသူ တစ်ယောက်မှ မရှိဘူးဆိုပေမယ့် မတော်တဆများ လွဲသွားခဲ့ရင် ကြီးမားတဲ့ ဒဏ်ရာရနိုင်တာမို့ လူငယ်ရဲ့ စွန့်စားမှုကို အားလုံးက ဝိုင်းပြီး ဝေဖန်ခဲ့တာပါ။ PJ Hawx ရဲ့ ဖခင်ဖြစ်သူကတော့ သားဖြစ်သူရဲ့ ဗီဒီယိုကို ဂုဏ်ယူစွာနဲ့ ပြန်လည်မျှဝေသွားခဲ့ပြီး သူ့ရဲ့သားဟာ နပမ်းသမားမျိုးဆက်ကို ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ သေချာသွားခဲ့ပြီလို့ ရေးသားသွားခဲ့ပါတယ်။
Leave a Reply