အသက်(၅)နှစ်ကတည်းက ကိုယ်ကာယဆရာမကြီး ဖြစ်နေပြီဖြစ်တဲ့ အံ့ဖွယ်ကလေးငယ်လေး

အမေရိကန်နိုင်ငံမှာ နေထိုင်တဲ့ Prisais Brooklyn Townsend ဆိုသူ ကလေးမလေးဟာ (၁၀) လ သမီးအရွယ်တည်းက ဖခင်ဖြစ်သူ gym မှာ အားကစားလုပ်ပုံတွေကို ကြည့်ပြီးတော့ လိုက်လုပ်တတ်ခဲ့သူလေးပါ။ သူမ (၁၀) လ သမီးအနေနဲ့ ပထမဆုံး လုပ်ခဲ့တဲ့ အားကစားဟာဆိုရင်တော့ (၂) ပေါင်ခွဲ ရှိတဲ့ အလေးကို မခဲ့တာလို့ ဖခင်ဖြစ်သူက ဆိုပါတယ်။


အခုဆိုရင်တော့ (၅) နှစ်အရွယ် ရှိလာပြီဖြစ်တဲ့ Prisais လေးဟာ မြေပြင်ပေါ်မှာ အလွတ်တန်း လုပ်ရတဲ့ ကိုယ်ကာယလေ့ကျင့်ခန်းတွေဖြစ်တဲ့ ဒိုက်ထိုးတာတွေ၊ အလေးမတာတွေ၊ burps၊ box jumps၊ air squats စတဲ့ လေ့ကျင့်ခန်းတွေတောင် လုပ်နိုင်နေပြီဖြစ်ပါတယ်။ ဒိုက်ထိုးတာကိုဆိုရင် အခါ (၆၀) အထိ လုပ်နိုင်ပြီး (၆၅) ပေါင် အလေးထိ အလေးမနိုင်နေပြီဖြစ်ပါတယ်တဲ့။


ကလေးမလေးရဲ့ စွမ်းဆောင်မှုကို မြင်တွေ့ရကြတဲ့ လူတွေကတော့ ကောမန့်မျိုးစုံ ပေးနေကြပါတယ်။ “ဒီကလေးမလေးက အားလုံးကို စိတ်ဓာတ်ခွန်အားတွေ ပေးနေတာပဲ။ အမေရိကန်က ကလေးအများစုက အဝလွန်နေကြချိန် ဒီကလေးမလေးကို အတုယူသင့်ကြတယ်” ၊ “သူမရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုက တခြားကလေးမလေးတွေအကုန်လုံးအတွက် စံပြဖြစ်နေပါပြီ” ၊ “သူ့ကို ကြည့်ပါဦး လူကြီးဖြစ်တဲ့ ငါက ဘာတွေ လုပ်နေမိပါလိမ့်” အစရှိသဖြင့် ချီးကျူးသံတွေ ပျံ့လွင့်နေလျက်ရှိပါတယ်။

“၂၀၁၄ ခုနှစ်ကစပြီး သမီးလေးက ကျွန်တော်နဲ့ gym လိုက်လာရာကနေ သူလည်း သူ့ဝါသနာကို ရှာတွေ့ခဲ့တာပါ။ gym က သူ့ရဲ့ ကစားကွင်းပါပဲ။ သမီးဟာ စိတ်ဓာတ် သိပ်ကြံ့ခိုင်တဲ့ ကလေးလေးပါ။ ကျောင်းစာနဲ့ ကစားချိန်တွေကိုလည်း မျှအောင် လုပ်နိုင်ပါတယ်။ ကျွန်တော်ဟာ သူ့ရဲ့ ပထမဆုံး စံပြပုဂ္ဂိုလ်ဖြစ်လာတာလည်း ဂုဏ်ယူမိပါတယ်။ သမီးက တခြားကလေးမလေးတွေကိုလည်း ကြံ့ခိုင်ဖို့ သင်ပေးနေသလိုပါပဲ။

ကြံ့ခိုင်တယ်ဆိုတဲ့နေရာမှာ စိတ်ခွန်အားပြင်းတာ၊ ယုံကြည်မှု ရှိတာတို့ကို ဆိုပါတယ်။ ကြွက်သားတွေ သန်မာတာကိုပဲ မဆိုလိုပါဘူး။ တော်တော်များများကတော့ ကလေးကို ဒီလိုလေ့ကျင့်ခန်းတွေ ပေးလုပ်တာက သူ့ရဲ့ ကြီးထွားနှုန်းကို ရပ်တန့်စေနိုင်တယ်လို့ ဝေဖန်ကြပါတယ်။ ဒါပေမယ့် နည်းစနစ်အမှားတွေနဲ့ လေ့ကျင့်ခန်းတွေ လုပ်မှသာ အဲ့လိုဖြစ်နိုင်တာပါ။ ကျွန်တော့်သမီးက အဲ့လိုမဟုတ်ပါဘူး” လို့ ဖခင်ဖြစ်သူ James က ရှင်းပြခဲ့ပါတယ်။

အသက် ၁၅၊ ၁၆ လောက်ရောက်လို့ သမီးဖြစ်သူ ဆန္ဒရှိရင် အိုလံပစ်အဆင့်ထိ တက်လှမ်းနိုင်အောင် ကူညီပေးဦးမယ်လို့ ဖခင်ဖြစ်သူက ဆိုပါတယ်။ Prisais ရဲ့ အခြားရည်မှန်းချက်တွေက ဆရာဝန်မကြီး ဖြစ်ချင်တာပါတဲ့။ “သမီးက ဆရာဝန်နဲ့ သူနာပြု လုပ်မှာ” လို့ Prisais လေးက ပြောခဲ့ပါသေးတယ်။ အားလုံးကို စိတ်ခွန်အားတွေ ပေးနိုင်တဲ့ အံ့ဖွယ် ကလေးလေးတစ်ယောက်ပါပဲ။

Be the first to comment

Leave a Reply

Your email address will not be published.


*