အစားအသောက်တွေကိုအမြဲမှုတ်ပြီးမှ ကျွေးခဲ့တဲ့မိခင်ကြောင့် ရောဂါကူးစက်ခံခဲ့ရတဲ့ သမီးလေး

8နှစ်အရွယ်သာရှိသေးတဲ့ Xiao Mei အမည်ရှိတဲ့ကလေးမလေးဟာ ပြီးခဲ့တဲ့နှစ်ကတည်းက ဗိုက်ဆာတိုင်းဝမ်းဗိုက်နာကျင်တဲ့ဝေဒနာကိုခံစားနေခဲ့ရတာပါ ။ သူမ၏ဝမ်းဗိုက်နာကျင်နေရခြင်းဟာ မိခင်ဖြစ်သူက သူမကိုအစာမကျွေးခင် အစားအသောက်အပေါ်အမြဲတမ်းမှုတ်ပြီးမှကျွေးခဲ့သောကြောင့် အစားအသောက်ပေါ်ဘတ်တီးရီးယားပိုးများတွယ်ကပ်မိသွားခဲ့ပြီး ထိုမှတစ်ဆင့်ရောဂါကူးစက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ် ။

ကလေးမလေးဟာ တရုတ်နိုင်ငံ ၊ Hangzhou မြို့ရှိ မူလတန်းကျောင်းကိုတက်ရောက်နေတာ မကြာသေးပေမဲ့လည်း သူမ၏အရပ်အမောင်းမှာ 155cm ရှိနေခဲ့ပြီး ၊ ကိုယ်အလေးချိန်မှာလည်း 65kg ရှိနေခဲ့ကြောင်းလည်းသိရှိရပါတယ် ။ သူမဟာ အစားအသောက်များကိုအလွန်နှစ်သက်ပြီး ကြီးထွားချိန်လည်းဖြစ်နေသည့်အတွက် သူမ၏မိဘများက သူမကိုအစားအစာနှင့်ပက်သက်ပြီး ထိန်းချုပ်ခဲ့ခြင်းမျိုးမရှိကြောင်း သိရှိရပါတယ် ။

သို့သော်လည်း ပြီးခဲ့တဲ့နှစ်ကတည်းက သူမဟာဗိုက်အလွန်နာကျင်တဲ့ဝေဒနာကိုခံစားခဲ့ရပြီး ညဖက်တွေမှာလုံးဝမအိပ်ပျော်နိုင်ခဲ့တဲ့အထိဖြစ်ခဲ့ပါတယ် ။ သူမ၏မိဘများကတော့ သူမဟာဗိုက်ဆာလို့စိတ်တိုပြီးအော်ငိုနေတယ်လို့သာထင်ခဲ့ပြီး သူမကိုလစ်လျူ ရှုထားခဲ့မိကြပါတယ် ။

မကြာသေးခင်ကမှ Xiao Meiနှင့် သူမ၏မိသားစုဝင်တို့မှာ ရုရှားနိုင်ငံသို့ အပန်းဖြေခရီးထွက်ခဲ့ကြပါတယ် ။ ထိုအချိန်မှာ Xiau Mei ဟာဗိုက်နာသည့်ဝေဒနာကို အလွန်ခံစားခဲ့ရပြီး ၊ သူမ၏ခန္ဓာကိုယ်မှာလည်း အေးစပ်နေကာချွေးများအပြည့်ထွက်နေခဲ့ပါတယ် ။ထို့နောက် သူမ၏မိဘများကလည်း အလွန်ထိတ်လန့်သွားခဲ့ကြပြီး တရုတ်နိုင်ငံသို့ချက်ချင်းပြန်လာခဲ့ကာ သူမကိုဆေးရုံတင်ခဲ့ရပါတယ် ။ Xiao Mei ၏ဆေးစစ်ချက်တွေ ထွက်လာတဲ့အချိန်မှာတော့ ဆရာဝန်ဖြစ်သူဟာ သူမ၏မိသားစုဝင်များကို အစာအိမ်ရောဂါရှိဖူးကြလား အထူးသဖြင့် ဘတ်တီးရီးယားရောဂါပိုးများ ခန္ဓာကိုယ်အတွင်းသို့ဝင်ရောက်ပြီး အစာခြေတဲ့အူလမ်းကြောင်းတွင်နေထိုင်ကာ အစာအိမ်အတွင်းမျက်နှာပြင်တွင်ပြည်တည်တတ်သော Helicobacter pylori ကူးစက်ရောဂါမျိုးရှိဖူးကြလား ဆိုပြီး မိသားစုဝင်များကိုမေးမြန်းခဲ့ပါတယ် ။

ဆရာဝန်၏မေးခွန်းကြောင့် မိခင်ဖြစ်သူမှာအလွန်ထိတ်လန့်သွားခဲ့ပြီး ကလေးငယ်တွေကအဆိုပါကူးစက်ရောဂါမျိုး မခံစားရနိုင်ဘူးလို့သူမတွေးထင်ခဲ့မိလို့ပါ ။မိခင်ဖြစ်သူမှာလည်း Helicobacter Pylor ကဲ့သို့ကူးစက်ရောဂါခံစားခဲ့ရဖူးပြီး ၊ ဆေးစစ်ချက်ရလဒ်တွေထွက်လာမှာကို စိုးရိမ်ခဲ့တဲ့အတွက် ကုသမှုတွေကိုရွှေ့ဆိုင်းထားမိခဲ့ကြောင်း ရှင်းပြခဲ့ပါတယ်။ မိခင်ဖြစ်သူမှာ သူမ၏အစာအိမ်ရောဂါကိုမကုသခဲ့တဲ့အတွက် Xiao Mei ၏အစားအသောက်တွေကို မှုတ်ပေးခြင်း နှင့် သူမအသုံးပြုနေသော တူများဖြင့် သမီးဖြစ်သူကိုထမင်းခွံ့ကျွေးခဲ့တဲ့အတွက် ဘတ်တီးရီးယားပိုးမွှားများ Xiao Mei ကိုကူးစက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါတယ် ။

စစ်ဆေးချက်များထွက်လာပြီးနောက် ဆရာဝန်ဟာ Xiao Mei ဟာ Helicobacter Pylori ကူးစက်ရောဂါခံစားခဲ့ရပြီး ၊ သူမ၏အူသိမ်ထဲတွင်ပြည်တည်နေသော အနာအသေးလေးတစ်ခုရှိကြောင်း အတည်ပြုပေးခဲ့ပါတယ် ။ သမီးဖြစ်သူ၏ ဆေးစစ်မှတ်တမ်းကိုကြာသိရပြီးနောက် မိခင်ဖြစ်သူဟာနောင်တရခဲ့ပြီး သူမ၏အစားအစာကျွေးမွေးတဲ့ ပုံစံတွေကြောင့် သမီးဖြစ်သူရောဂါကူးစက်ခံခဲ့ရပြီး နာကျင်မှုတွေကိုဖြစ်စေခဲ့တဲ့အတွက်ကြောင့် ဖြစ်ကြောင်းပြောဆိုသွားခဲ့ပါတယ် ။

 

Be the first to comment

Leave a Reply

Your email address will not be published.


*