
ငယ်ရွယ်လှပပြီး အောင်မြင်နေစဉ်မှာပဲ နှမြောတသစွာ ကြွေလွင့်ခဲ့ရတဲ့ ကြယ်ပွင့်လေး Sulli အတွက် အထိမ်းအမှတ်အနေနဲ့ MBC ရုပ်သံလိုင်းက documentary တစ်ခုရိုက်ကူးနေတာ အားလုံးလဲအသိပါ။ အဲ့ဒီ docuplex ရဲ့ စက်တင်ဘာလ ၁၀ ရက်နေ့ကထုတ်လွှင့်ခဲ့တဲ့အပိုင်းမှာတော့ Sulli ရဲ့မိခင်ဖြစ်သူပါ ပါဝင်လာပြီး Sulli ရဲ့ရည်းစားဟောင်း Choiza အကြောင်းကိုလဲ တစွန်းတစဖွင့်ဟခဲ့ပါတယ်။
Sulli ရဲ့မိခင်ဖြစ်သူ ဖွင့်ပြောတဲ့အကြောင်းအရာတွေထဲမှာတော့ သူ့အနေနဲ့ သမီးဖြစ်သူနဲ့ Choiza ရဲ့ ဆက်ဆံရေးကို ကန့်ကွက်ခဲ့မိကြောင်း အများဆုံးပါဝင်တာပါ။ ကန့်ကွက်ရတဲ့ အဓိကအကြောင်းရင်းကတော့ အသက်အရွယ်ကွာဟမှုကြောင့်ဖြစ်ပြီး သတင်းတွေ ထွက်ပေါ်လာစဉ်ကဆို ယုံတောင်မယုံကြည်ခဲ့ဘူးလို့ဆိုပါတယ်။
အဲ့ဒါကြောင့် Choiza နဲ့ အချစ်ရေးကို ပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့ကြောင်းနဲ့ Choiza နဲ့ တွဲပြီးနောက်ပြောင်းလဲသွားတဲ့ Sulli ရဲ့ပုံစံကိုလဲ “၁၃ နှစ်ကွာဟတဲ့ အချစ်ရေးက Sulli အတွက် အရာရာကို မြန်မြန်ဆန်ဆန်ပဲပြောင်းလဲသွားသလိုပဲ။ ကြားထဲက အဆင့်တွေအများကြီးကို သူကျော်ပစ်လိုက်တယ်။ စားပုံသောက်ပုံ စကားပြောပုံနဲ့ ပျော်ရွှင်မှုကို ရှာဖွေတဲ့ပုံကအစ ပြောင်းလဲသွားတာ” လို့ဆိုပါတယ်။
Sulli အနေနဲ့တော့ သူ့ရဲ့အားကိုးရာအမေက သူချစ်တဲ့ယောက်ျားလေးကို လက်မခံနိုင်တဲ့အတွက် အတော်စိတ်ထိခိုက်ဝမ်းနည်းခဲ့ရကြောင်း ဒါကြောင့်လဲ Sulli နဲ့မိခင်ဟာ တဖြည်းဖြည်းဝေးကွာပြီး Sulli ကို ပိုအထီးကျန်စေခဲ့ကြောင်း မိခင်ဖြစ်သူက ယူကြုံးမရ ဖွင့်ဟခဲ့ပါတယ်။
“ကျွန်မသူ့ကို ဒေါသလဲထွက်ပြီး ပြင်းပြင်းထန်ထန်ပြောခဲ့မိတယ်။ အဲ့ဒီနောက်ပိုင်းမှာ ကျွန်မတို့ဝေးကွာသွားတာပဲ။ ဆက်သွယ်ဖြစ်ကြပေမယ့် လူချင်းတွေ့တာ နည်းသွားတယ်။ အမေရင်းကတောင် သူ့ဘက်မှာမရှိတဲ့အချိန် အချစ်ရေးက အဆုံးသတ်သွားတဲ့အခါ ဘယ်လောက်တောင် အထီးကျန်ပြီး ခက်ခဲလိုက်မလဲဆိုတာ တွေးကြည့်လို့ရပါတယ်” လို့လဲ ပြောခဲ့ပါသေးတယ်။
Sulli ရဲ့မိခင်ဖြစ်သူဟာ ဒီလိုဖွင့်ဟခဲ့ပြီးနောက်မှာတော့ netizens တွေဟာ Choiza ရဲ့ instagram ကိုဝေဖန်မှုတွေနဲ့ ဖုံးလွှမ်းခဲ့ပါတော့တယ်။ အချို့ကတော့ Sulli နဲ့ တွဲနေစဉ်ကာလမှာ ထွက်ရှိခဲ့တဲ့ Eat Sleep Pray သီချင်းနဲ့ ငွေရှာနေတာကို အဓိက ထိုးနှက်ခဲ့တာပါ။ ထိုသီချင်းဟာ ကိုရီးယားလိုဆိုရင် ‘အိပ် စား ကာမ’ လို့ အဓိပ္ပာယ်ရပြီး Choiza နဲ့ Sulli တို့ ဘယ်လောက်ထိနက်နက်ရှိုင်းရှိုင်းပတ်သတ်ခဲ့ကြောင်း လှစ်ဟပြနေတဲ့စာသားတွေကို ကိုရီးယားဘန်းစကားတွေနဲ့ ရေးဖွဲ့ထားတဲ့ သီချင်းပါ။
Netizens တွေအနေနဲ့ Sulli တစ်ယောက်ကတော့ Dynamic Duo အဖွဲ့ကနေ အဲ့ဒီသီချင်းထွက်ရှိခဲ့တာကြောင့် ဝေဖန်မှုတွေကို မခံမရပ်နိုင်အောင် ခံခဲ့ရတာတောင် Dynamic Duo အဖွဲ့ Choiza ကတော့ ဒီသီချင်းကနေ ငွေရှာကောင်းတုန်းဆိုတဲ့အချက်ကို အဓိပစ်မှတ်ထားကြပါတယ်။ Choiza ဟာ ဒီကိစ္စနဲ့ပတ်သတ်ပြီး တစ်စုံတစ်ရာ ပြန်လည်ဖြေရှင်းခြင်းတော့ မရှိသေးပါဘူး။
Source : Koreaboo
Leave a Reply