အားရပါးရ ရယ်ရာမှ ပါးစပ်ပြန်ပိတ်မရဖြစ်ခဲ့သည့် တရုတ်အမျိုးသမီး

ရယ်မောခြင်းက ကျန်းမာရေးကို ကောင်းမွန်စေတယ်ဆိုတဲ့ စကားရပ်ဟာ တရုတ်နိုင်ငံက အမျိုးသမီးတယောက်အတွက်တော့ ရာနှုန်းပြည့် မမှန်ကန်နိုင်ပါဘူး။ အကြောင်းကတော့ သူမဟာ အားရပါးရ ရယ်လိုက်ရာကနေ မေးရိုးတွေ နေရာလွဲသွားပြီး ပါးစပ်ပြန်ပိတ်မရခဲ့လို့ပဲ ဖြစ်ပါတယ်။

ဒီဖြစ်ရပ်ဟာ ဂွမ်ဇိုးတောင်ပိုင်း ရထားဘူတာရုံကို သွားနေတဲ့ ရထားတစင်းပေါ်မှာ စက်တင်ဘာ ၁ ရက်က ဖြစ်ပွားခဲ့ပါတယ်။ အဲဒီရထားပေါ်မှာ လျူဝန်ရှန်လို့ ခေါ်တဲ့ ဆရာဝန်တဦး လိုက်ပါလာခဲ့ပြီး လမ်းတဝက်မှာတင် ခရီးသည်တဦးအတွက် အရေးပေါ် ကျန်းမာရေး အကူအညီပေးဖို့ မီးရထားဝန်ထမ်းတွေရဲ့ အကူအညီ တောင်းခံသံကို ကြားခဲ့ရပါတယ်။

ဒါကြောင့် ဒေါက်တာဝန်ရှန်ဟာလည်း အခင်းဖြစ်ရာ နေရာဆီကို အလျင်အမြန် သွားရောက်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ လူနာရှင် အမျိုးသမီးတဦးကို တွေ့ခဲ့ရကာ ပါးစပ်ကြီး ဟပြီး သွားရည်တွေ ကျနေခဲ့တာကြောင့် ဦးနှောက်သွေးကြောပိတ်တာလို့ ထင်ခဲ့ပါတယ်။

ဒါပေမဲ့ သွေးပေါင်ချိန်ကို စမ်းသပ်ကြည့်တော့ သာမန်အနေအထားကို တွေ့ခဲ့ရပါတယ်။ ဒါ့ကြောင့် ပတ်ဝန်းကျင်ကို မေးမြန်းကြည့်လိုက်တဲ့အခါမှာ လူနာရှင်အမျိုးသမီးဟာ အသံ အကျယ်ကြီး ရယ်လိုက်ရာကနေ ဒီလိုမျိုး ဖြစ်သွားခဲ့တာကို သိခဲ့ရပါတယ်။

ဒေါက်တာဝန်ရှန်ဟာ ဆရာဝန်တဦး ဖြစ်ပေမယ့် ဒီဖြစ်ရပ်ဟာ သူ ကျွမ်းကျင်တဲ့ အနေအထား မဟုတ်တာကြောင့် ဒီအမျိုးသမီးကို ဆေးရုံသွားဖို့ တိုက်တွန်းခဲ့ပါတယ်။ ဒါပေမဲ့ ပတ်ဝန်းကျင်ရဲ့ အကူအညီတောင်းခံမှုကြောင့် လူနာရဲ့ မေးရိုးတွေကို ပုံမှန်အတိုင်း ဖြစ်ဖို့ ပထမတကြိမ် ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

“လူနာရဲ့ ပုံစံက အရမ်းကိုတုန်လှုပ်နေပြီး မီးရထားဝန်ထမ်းတွေကလည်း တောင်ဆိုလို့ ကျွန်တော်နောက်တကြိမ်ကြိုးစားဖို့ ဖြစ်လာပါတယ်” လို့ ဒေါက်တာ ဝန်ရှန်က ပြောပါတယ်။ ဒီတစ်ကြိမ်ကြိုးစားမှုက အောင်မြင်ခဲ့ပြီး အမျိုးသမီးရဲ့ ပါးစပ်ဟာလည်း ပုံမှန်ပြန်ဖြစ်ခဲ့ပါတယ်။

အဲ့ဒီနောက်မှာ အမျိုးသမီးက ဒေါက်တာ ဝန်ရှန်ကိုကျေးဇူးတင်ကြောင်းပြောဆိုခဲ့ပြီး သူမဟာ မီးဖွားတုန်းကလည်း အော်ဟစ်ခဲ့မှုကြောင့် ဒီလိုဖြစ်ခဲ့ဖူးတယ်လို့ ပြောဆိုခဲ့ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*