
ဝယ်ထားတဲ့ ကင်မရာကို အလကားမဖြစ်ချင်လို့ ဆိုပြီး JK Keller ဆိုတဲ့အနုပညာရှင် အမျိုးသားတစ်ဦးဟာ ၁၆ နှစ်တိတိ နေ့စဉ်နေ့တိုင်း သူ့ရဲ့မျက်နှာကို ဓါတ်ပုံရိုက်ခဲ့ပါတယ်။ ၁၆ နှစ်လုံးလုံးနေ့စဉ် ရိုက်ခဲ့တဲ့ သူ့ရဲ့ဓါတ်ပုံတွေကို အခု သုံးမိနစ်အတွင်း ပြန်ကြည့်နိုင်အောင် ဗီဒီယိုဖိုင်လုပ်ကာ အင်တာနက်ကို တင်လိုက်ပါတယ်။ ၁၉၉၈ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း ဘဝကိုလျှင်မြန်စွာကုန်ဆုံးခြင်းလို့ အမည်ပေးထားတဲ့ ဗီဒီယိုဖိုင်မှာ သူ့ရဲ့ဓါတ်ပုံတွေချည်းပဲ မြင်တွေ့ရမှာဖြစ်ပါတယ်။
၁၆ နှစ်လုံးလုံးနေ့စဉ် ကိုယ့်ပုံကိုဓါတ်ပုံရိုက်ရတဲ့ အကြောင်းအရင်းက သူ့ရဲ့ရည်းစားဖြစ်သူက စတင်ခဲ့တာဖြစ်ပါတယ်။ အသက် ၂၂ နှစ်အရွယ်တုန်းက Nikon CoolPix 900 မော်ဒယ်အမျိုးအစား ဒစ်ဂျစ်တယ်ကင်မရာတစ်လုံးကို ဝယ်လိုက်ပြီးတဲ့နောက် ဘယ်ဓါတ်ပုံမှ မရိုက်ဖြစ်လို့ သူ့ရည်းစားက ပိုက်ဆံဖြုန်းတယ်ဆိုပြီး စနောက်ခဲ့ပါတယ်။
ပိုက်ဆံမဖြုန်းကြောင်း သက်သေပြတဲ့ အနေနဲ့ သူ့ပုံကို နေ့တိုင်းပြန်ရိုက်ခဲ့တာဖြစ်ပါတယ်။ ပထမရှစ်နှစ်ပြည့်တုန်းကလည်း သူ့ရဲ့ဓါတ်ပုံတွေစုထားတဲ့ ဗီဒီယိုဖိုင်ကို ပြသခဲ့ဖူးပြီး အခု ၁၆ နှစ်ပြည့်တဲ့အခါမှ ဒုတိယအကြိမ်မြောက် ပြသတာဖြစ်ပါတယ်။ သူ့ရဲ့ဓါတ်ပုံတွေကို စုစည်းပြီး ပြပွဲတစ်ခု လုပ်ဖို့တောင်စဉ်းစားနေပါတယ်။
Leave a Reply