ပြိုင်ကြဦးမလား ကြောက်စရာအကောင်းဆုံး ရုပ်သွင်ပြိုင်ပွဲ

ဒီပြိုင်ပွဲကတော့ ရုပ်ဆိုးမှုဆိုတာကို အလှတရားအနေနဲ့ ရှုမြင်ကြတဲ့အုပ်စုလေးတစ်ခုရဲ့ ပြိုင်ပွဲပါ။ World Gurning Championships လို့ နာမည်ပေးထားတဲ့ဒီပြိုင်ပွဲမှာ ဗိုလ်စွဲသူကတော့ရုပ်အဆိုးဆုံးမျက်နှာဖြစ်အောင် လုပ်ပြနိုင်သူတွေပါ။

ဒီပြိုင်ပွဲကို အင်္ဂလန်နိုင်ငံ၊ ကန့်ဘ်ရီယာနယ်က အက်ဂ်ရီမွန့်ဆိုတဲ့မြို့လေးရဲ့ ပန်းသီးချဉ်ပွဲတော်မှာ ထည့်သွင်းကျင်းပတာဖြစ်ပါတယ်။ ဒီပွဲတော်ကိုတော့ လော့ဒ်ဘွဲ့ရမြို့စားက မြို့နေလူထုကို ပန်းသီးချဉ်တွေပေးခဲ့တဲ့ ၁၂၆၇ ခုနှစ်ကတည်းက စတင်ကျင်းပခဲ့တယ်လို့ သိရပါတယ်။ ဒီနှစ်မှာတော့ ၁၆ ကြိမ်ချန်ပီယံဖြစ်ဖူးတဲ့ တွမ်မီမက်သီဆင်ကို ဂေါ်ဒင်ဘလက်လော့ခ်ကအနိုင်ယူဗိုလ်စွဲသွားပြီး ချန်ပီယံသစ်က အခုလိုဗိုလ်စွဲခဲ့တာကို

ကိုယ်တိုင်အံ့သြမိတယ်လို့ ဆိုခဲ့ပါတယ်။ အက်ဂ်ရီမွန့်မြို့သူ ကလဲရာစပီးဒင်းကတော့ အမျိုးသမီးပြိုင်ပွဲမှာ ဒုတိယအကြိမ်ဗိုလ်စွဲခဲ့ပါတယ်။


ဒီနှစ်ပြိုင်ပွဲမှာ အမှတ်တရဖြစ်ခဲ့တာကတော့ ရုပ်ဆိုးပြိုင်ပွဲဂန္ထဝင်ဖြစ်တဲ့ အန်နီဝုဒ်ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။ အဲဒီအမျိုးသမီးဟာ မနှစ်ကပြိုင်ပွဲမှာ သူ့ရဲ့ ၂၈ ကြိမ်မြောက်ချန်ပီယံဆုရခဲ့ပြီး ဒီနွေဦးရာသီမှာ ကွယ်လွန်သွားတာဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာ ပြိုင်ပွဲဝင်တွေကို မိတ်ကပ်လိမ်းခြယ်မှုမလုပ်စေဘဲ တခြားစည်းမျဉ်းတွေလည်းရှိပါတယ်။ ဒါပေမဲ့ သွားအတုတပ်ဆင်ခွင့်တော့ ပေးထားပါတယ်။ ပြိုင်ပွဲဝင်တွေဟာ မြင်းလည်ပတ်တစ်ခုကိုလည်ပင်းမှာစွပ်ထားရပြီး ခွေးလိုမာန်ဖီပြီး မျက်နှာကို ရှုံ့မဲ့ပြရပါတယ်။ ချန်ပီယံဖြစ်သွားသူတွေဟာ အိုလံပစ်ပြိုင်ပွဲဝင်ကစားသမားတစ်ယောက်လိုလေ့ကျင့်ရပြီး တကယ်ရုပ်ဆိုးလွန်းတဲ့မျက်နှာအမူအရာရဖို့ အကြိမ်ကြိမ်စမ်းသပ်လေ့ကျင့်ရတယ်လို့လည်း သိရပါတယ်။

ရုပ်ဆိုးပြိုင်ပွဲဟာ ပန်းသီးချဉ်ပွဲတော်မှာကျင်းပတဲ့ ရိုးရာဓလေ့ပြိုင်ပွဲတွေထဲကတစ်ခုဖြစ်ပြီး
တခြားပြိုင်ပွဲတွေကတော့ ဆေးတံသောက်ပြိုင်ပွဲ၊ ညိုသကျည်းကန်ပြိုင်ပွဲ၊ ရွှံ့ငုပ်ပြိုင်ပွဲတို့လို
ထူးထူးဆန်းဆန်းကစားနည်းတွေပဲဖြစ်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*