သမီးဖြစ်သူကို ရှိသမျှစောင်အကုန်ခြုံပေးပြီး ကိုယ်တိုင်အေးခဲသေဆုံးသွားခဲ့တဲ့ အမျိုးသား

ထိုင်းအမျိုးသားတစ်ဦးဟာ ညအချိန်မှာ သမီးဖြစ်သူကို နွေးနွေးထွေးထွေးထားဖို့ ကြိုးစားခဲ့ပေမယ့် ကိုယ်တိုင်ကတော့ အေးခဲပြီးသေသွားခဲ့ကြောင်း asiaone သတင်းအရ သိရပါတယ်။ သေဆုံးသူ အမျိုးသားဟာ အသက် (၃၈) နှစ်အရွယ် ပရာဆာဟွန်မ်ဆိုသူပါ။ သူ့ရဲ့အေးစက်တောင့်တင်းနေပြီဖြစ်တဲ့ ရုပ်အလောင်းကိုတော့ ၎င်းရဲ့(၈) နှစ်အရွယ် သမီးလေး ပန်ဝီရာနိုအီဖာက ဒီဇင်ဘာ (၇) ရက်နေ့ မနက်အစောပိုင်းမှာ တွေ့ခဲ့တာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းမှာရှိတဲ့ ဘွမ်ကန်းပြည်နယ်က အပူချိန်ဟာ ညအချိန်မှာပဲ (၉) ဒီဂရီတိုင်အောင် ကျဆင်းသွားခဲ့ပါတယ်။ ဒါပေမယ့် ပရာဆာဟွန်မ်မှာတော့ အိမ်မှာ စောင်သုံးထည်ပဲ ရှိပါတယ်။ နေတဲ့အိမ်လေးက ဆောက်လက်စတစ်ထပ်တိုက်လေးဖြစ်တဲ့အတွက် တံခါးတွေ၊ ပြတင်းပေါက်တွေလည်း မတပ်ရသေးပါဘူး။ ညဘက်ရောက်လို့ အေးလာတဲ့အခါမှာတော့ ကိုယ်တိုင်က အအေးဒဏ်ကို ကြံ့ကြံံ့ခံနိုင်လိမ့်မယ်လို့ ယူဆတဲ့အတွက် သမီးဖြစ်သူကို ရှိသမျှစောင်အကုန်ခြုံပေးခဲ့တာ ဖြစ်ပါတယ်။ သူကတော့ ဖျာပေါ်မှာ ဒီအတိုင်းပဲ အင်္ကျ ီလက်ရှည်ဝတ်၊ ဘောင်းဘီတိုဝတ်ပြီး အိပ်ခဲ့တာ ဖြစ်ပါတယ်။

ပန်ဝီရာဟာ ညလယ်ခေါင်အရောက်မှာတော့ တရေးနိုးတဲ့အခိုက် ဖခင်က ကွေးနေတဲ့အတွက် စောင်ခြုံပေးခဲ့ပါသေးတယ်။ ဒါပေမယ့် မနက်အရောက်မှာတော့ စိတ်မကောင်းစရာပဲ ဖခင်ဖြစ်သူ သေဆုံးနေတာကို တွေ့ခဲ့ရတာပါ။ ပရာဆာဟွန်မ်ဟာ ညအချိန်မှာ မတရားကျဆင်းလာတဲ့ အပူချိန်ကို ခန္ဓာကိုယ်က ဟန်ချက်ညီအောင် မလုပ်ခဲ့နိုင်တဲ့အတွက် သေဆုံးခဲ့တာပဲ ဖြစ်ပါတယ်။


ပရာဆာဟွန်မ်ဟာ ၎င်းမသေဆုံးခင်က ကျန်းမာရေးနဲ့ ပတ်သက်လို့ ချို့ယွင်းချက် တစ်စုံတစ်ရာလည်း မရှိခဲ့ပါဘူး။ သူဟာ ဇနီးဖြစ်သူနဲ့ ကွာရှင်းပြီးတဲ့နောက် သမီးကလေးနှစ်ယောက်နဲ့ အတူတူနေထိုင်နေတာ ဖြစ်ပါတယ်။ သူသေဆုံးတဲ့ညကတော့ သမီးငယ်လေးနဲ့သူသာ အိမ်ထဲရှိနေခဲ့တာ ဖြစ်ပြီး (၁၄) နှစ်အရွယ် သမီးကြီးကတော့ ၎င်းညမှာ ဆွေမျိုးတွေအိမ်ဆီသွားအိပ်တယ်လို့ သိရပါတယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*