
အိန္ဒိယနိုင်ငံ Madhya Pradesh မြို့ Damoh ရပ်ကွက်မှာ ကလေးမိခင်တစ်ဦး ရထားလမ်းဖြတ်ကူးစဉ် မတော်တဆ ရထားတိုက်မိခဲ့ပြီး၊ နေရာမှာပင် ပွဲချင်းပြီးသေဆုံးခဲ့ပါတယ်။ အဆိုပါနေရာဟာ ရထားဘူတာနဲ့ အနည်းငယ်အလှမ်းဝေးလို့ ဖြစ်ဖြစ်ချင်း တစ်နာရီလောက် ကြာတဲ့အထိ မည်သူမျှ မသိခဲ့ကြပါဘူး။
နောက်မှ လမ်းသွားလမ်းလာတစ်ချို့က သေဆုံးနေတဲ့ ကလေးမိခင်အလောင်းကို သတိထားမိခဲ့ပြီး၊ ရဲတပ်ဖွဲ့ကို အကြောင်း ကြားခဲ့ပါတယ်။ ရဲတပ်ဖွဲ့မရောက်လာခင်မှာပဲ ရပ်ကွက်ထဲကလူတွေက အလောင်းဘေးမှာ ပွဲတော်အငယ်တစ်ခုလို စည်ကားနေပါပြီ။
လဲကျနေတဲ့ မိခင်ရဲ့အလောင်းဘေးမှာ တစ်နှစ်ခွဲသာရှိသေးတဲ့ သူမရဲ့ သားငယ်ဟာ မိခင်သေဆုံးမှန်း မသိဘဲ နို့ကို လှန်စို့လိုက်တဲ့ အခိုက်အတန့်မှာတော့ ဘေးမှာရပ်ကြည့်နေတဲ့ ယောက်ျားရင့်မာကြီးတွေပင်လျှင် မျက်ရည်စို့သွားစေပါတယ်။ မကြာခင် ရဲတပ်ဖွဲ့ရောက်လာပြီး ကလေးရဲ့အဖြစ်ကို မြင်ရတာ သူတို့လည်း နှာရည်တရှုံ့ရှုံ့နဲ့ပါဘဲ။ဒီမတော်တဆမှုဟာ မေလ 24 ရက်နေ့ မနက်ပိုင်းမှာ ဖြစ်သွားခဲ့တဲ့ အဖြစ်အပျက်ပါ။ အခင်းဖြစ်ရာကို ရောက်နေတဲ့ Monu Balmiki အသက် 27 နှစ်က ” ကျမတို့ အမျိုးသမီးတစ်ယောက် သံလမ်းဘေးမှာ လဲကျနေတာကို တွေ့ရ ပါတယ် … အဲဒီနောက် ရဲတပ်ဖွဲ့ကို အကြောင်းကြား ပေးခဲ့ပါတယ် .. အလောင်းနားကို ကပ်ကြည့်တော့ ကလေးတစ် ယောက်ကို အသက်ရှင်လျှက် တွေ့ရတာပါဘဲ … သူ့အမေနို့ကို လှန်စို့တဲ့အခိုက်အတန့်မှာတော့ သိပ်ကို ဝမ်းနည်းမိ ပါတယ် “လို့ ပြောခဲ့ပါတယ်။
Government Railway Police မှ ရဲအရာရှိ Nand Ram က ” ကလေးက သူ့အမေကို ခေါ်မရလို့ ငိုရကောင်းမှန်း သိနေပါပြီ .. နောက် အမေကို ဖက်ပြီး နို့ကိုစို့ပါတယ် .. အားလုံးကို မျက်ရည်ဝိုင်းစေခဲ့တဲ့ အဖြစ်အပျက်ပါ “လို့ ပြောခဲ့ပါ တယ်။ Ram က ဆက်လက်ပြီး အလောင်းကို စုံစမ်းစစ်ဆေးရေးဌာနကို ပို့ထားကြောင်း၊ အလောင်းမှာ မျက်စိနဲ့ နားတွေထဲ က သွေးထွက်နေကြောင်း ဆိုပါတယ်။
ကလေးကိုလည်း ဆေးစစ်မှုတွေ ပြုလုပ်ပြီး၊ Child Welfare Committee ဆီသို့ ပေးပို့ထားကြောင်း၊ ဖခင်နေထိုင်ရာ သို့မဟုတ် ဖခင်ရှိမရှိစုံစမ်းနေဆဲ ဖြစ်ပြီး၊ အဖြေမပေါ်ပါက မိဘမဲ့စောင့်ရှောက်ရေးဂေဟာကို ပို့ထားမည်ဖြစ်ကြောင်း၊ အအေးမိနေ၍ ဆေးကုသမှု ပြုလုပ်ပေးထားကြောင်း၊ တစ်ခြားထိခိုက်ဒဏ်ရာ မရှိကြောင်း သိရပါတယ်။
Leave a Reply