မှားယွင်းစွာ မြေမြှုပ်ခံရသည့် အမျိုးသမီး အုတ်ဂူထဲမှလွတ်ရန် ၁၁ ရက်ကြာ ကြိုးစား(ရုပ်သံ)

ဘရာဇီးလ်နိုင်ငံမှာ အမျိုးသမီးတဦး မှားယွင်းစွာ အသက်ရှင်လျက် မြေမြှုပ်ခံရပြီး အုတ်ဂူထဲကနေ လွတ်မြောက်ဖို့ ၁၁ ရက်ကြာ ကြိုးစားခဲ့ရပါတယ်။

ဒါပေမယ့် အခေါင်းကို ပြန်ဖွင့်ချိန် အမျိုးသမီးရဲ့ခန္ဓာကိုယ် ပူနွေးကာ ဒဏ်ရာရရှိနေပြီး အသက်တော့ မရှင်လာတော့ဘူးလို့ သိရပါတယ်။

အသက် ၃၇ နှစ်အရွယ် ရိုဆန်ဂျဲလာအယ်မီဒါဒိုစ်ဆန်တိုစ်ရဲ့ အုတ်ဂူထဲကနေ အော်သံတွေကြားရတယ်လို့ ဒေသခံတချို့က ပြောလိုက်ပြီးနောက် သူမရဲ့အုတ်ဂူကို တူးဖော်လိုက်ချိန် အခေါင်းထဲမှာ သွေးတွေနဲ့အပြင် ဂူထဲက ထွက်ဖို့ ကြိုးစားခဲ့လို့ သူမရဲ့ လက်ကောက်ဝတ်မှာလည်း ဒဏ်ရာတွေ တွေ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့က သူမရဲ့အလောင်းကို မိသားစုက ပြန်ဖွင့်ချိန် သူမ ခန္ဓာကိုယ် နွေးနေပြီး ခန္ဓာကိုယ်ပေါ်မှာ ဒဏ်ရာတွေနဲ့ တွေ့ခဲ့ပေမယ့် သူမကတော့ အသက်မရှိတော့ဘူးလု့ိ ဆိုပါတယ်။

ထွက်ပေါ်လာတဲ့ ရုပ်သံထဲမှာ ဘရာဇီးလ်နိုင်ငံ အရှေ့မြောက်ပိုင်း ရီရာချာအိုဒါစ်နီဗာစ်မြို့က သချုႋင်းထဲ ဒေသခံ အမျိုးသားတစု ဂူကို တူးဆွထုတ်ပြီး အခေါင်းအဖုံးကို ဖယ်ရှားနေတာ တွေ့မြင်ရပါတယ်။

အမျိုးသမီး သေဆုံးသွားကြောင်းကို ဆေးရုံက ဇန်နဝါရီ ၂၈ ရက်နေ့မှာ ပြောပြီး နောက်တနေ့မှာ သူမကို မြှုပ်နှံခဲ့တာပါ။

သချုႋင်းနားမှာ နေတဲ့ ဒေသခံတွေက ဂူထဲကနေ အော်သံတွေနဲ့ ထုနှက်သံတွေ ကြားလို့ သူမသေဆုံးပြီး ၁၁ ရက်အကြာ ဖေဖော်ဝါရီ ၉ ရက်နေ့မှာ မိသားစုကို အကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။

အမျိုးသမီးရဲ့အလောင်းက နွေးနေဆဲဖြစ်ပြီး အခေါင်းထဲက ခန္ဓာကိုယ်အနေအထား ပြောင်းကာ နှာခေါင်းနဲ့ နားရွက်တွေထဲ ထည့်ထားတဲ့ ဂွမ်းတွေ ပြုတ်ကျနေတယ်။ သူမဂူထဲက ထွက်ဖို့ ကြိုးစားပုံရခဲ့လို့ သူမရဲ့ လက်တွေနဲ့ နဖူးမှာလည်း ဒဏ်ရာတွေ ရနေတယ်။ အပေါ်ကို တွန်းထားလို့ အခေါင်းအဖုံးက သံတွေလည်း ကြွနေသလို အစင်းအခြစ်အရာတွေနဲ့ သွေးတွေလည်း တွေ့တယ်လို့ သိရပါတယ်။

မစ္စဆန်တို့စ်ကို နှလုံးရောဂါနဲ့ ဒေသခံ ဆေးရုံကို တင်ခဲ့တာဖြစ်ပြီး ခန္ဓာကိုယ်အင်္ဂါတွေ အလုပ်မလုပ်တော့လို့ သေဆုံးတယ်လို့ သေစာရင်းမှာ ရေးထားပြီး မိသားစုကတော့ သေဆုံးမှုဟာ ဆေးရုံက မှားယွင်းဆုံးဖြတ်တယ်လို့ ယူဆကာ အခင်းဖြစ်ပွားမှုကို ရဲထံအကြောင်းကြားခဲ့ပါတယ်။

အမှုကို ဦးဆောင် စစ်ဆေးနေတဲ့ ရဲချုပ်အာနယ်ဒိုမွန်တီက “ဖေဖော်ဝါရီ ၁၆ ရက်နေ့မှာ မိသားစုတွေနဲ့ အခြားလူတွေရဲ့ ထွက်ချက်တွေကို ကျနော်တို့ စယူနေပါပြီ။ လိုအပ်ရင် အလောင်းပြန်ဖော်စစ်ဆေးမယ်။ ဒါမှ တကယ်ဘာတွေ ဖြစ်ခဲ့လဲဆိုတာ သိရမယ်” လို့ ပြောပါတယ်။

မစ္စဆန်တိုစ်ရဲ့ သေဆုံးမှုကို ပြောကြားခဲ့တဲ့ ဆေးရုံရဲ့ ပြောရေးဆိုခွင့်ရှိသူက “အာဏာပိုင်တွေနဲ့ မိသားစုတွေ တောင်းဆိုတဲ့ လိုသမျှ သတင်းအချက်အလက်တွေကို ကျနော်တို့ ပေးမှာပါ” လို့ ပြောကြောင်း မေရာသတင်းမှာ ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ဖော်ပြထားပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*