တရုတ်စားသောက်ဆိုင် MENU များမှ လွတ်မြောက်ခွင့် ရလာမည့် ရှားပါးတိရစ္ဆာန်လေးများ

တရုတ်နိုင်ငံသားများသည် ထူးထူးခြားခြား ဆန်း ဆန်းပြားပြား အစားအသောက် များကို ခုံမင်လေ့ ရှိကြောင်း လူသိများခဲ့ပြီးဖြစ်သည်။ တရုတ်နိုင်ငံမှ အဆင့်မြင့် စားသောက်ဆိုင်ကြီးများ၏ Menu တွင် တိရစ္ဆာန်အမျိုးမျိုး၏ အသား၊ အရေခွံ၊ ကလီစာတို့ကို ပုံစံအမျိုးမျိုးဖြင့် ရောင်းချနေခဲ့သလို အလွန်ရှားပါးပြီး မျိုးသုဉ်းလုနီးပါး ဖြစ်နေသည့် တိရစ္ဆာန်များကိုလည်း ဟင်းအမယ်အဖြစ် ရောင်းချနေခဲ့သည်။

ယခုအခါ တရုတ်အစိုးရသည် မျိုးသုဉ်းမည့် အန္တရာယ်ခြိမ်းခြောက်မှုများ ကြုံနေရသည့် တိရစ္ဆာန်များကို စားသောက်ဆိုင်များရှိ အမဲဖျက်ခန်းများမှ ကယ်ထုတ်နိုင်မည့် ဥပဒေကို ခိုင်ခိုင်မာမာ ပြဋ္ဌာန်းလိုက်ပြီဖြစ်သည်။


တရုတ်ပြည်သူ့ကွန်ဂရက်က ရှားပါးတိရစ္ဆာန်များကို တရားမဝင် ရောင်းဝယ် ဖောက်ကားပါက ထောင်ဒဏ် ၁၀ နှစ်ထိချမှတ်နိုင်မည့် ဥပဒေကို အတည်ပြုခဲ့သည်။ ယင်းသည် သားရိုင်းတိရစ္ဆာန်မှောင်ခိုဈေးကွက် ကျယ်ပြန့်မှုကို ဖြိုခွင်းမည့် တရုတ် အစိုးရ၏ ကနဦး ခြေလှမ်းလည်း ဖြစ်ဖွယ်ရှိသည်။ ကမ္ဘာလုံးဆိုင်ရာ သဘာဝ ရန်ပုံငွေ အဖွဲ့မှ ပြောရေးဆိုခွင့်ရအမျိုးသမီး ချယ်ရီလိုက ယခုသတင်းကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုကြောင်းဆိုသည်။ “ဥပဒေကတော့ ရှိခဲ့တာပါပဲ။ ဒါပေမဲ့ လက်ရှိ သတ်မှတ် ချက်တွေက ပိုပြီးတော့ ရှင်းလင်းပြတ်သားလာတယ်။ ဥပဒေအရ စားသုံးသူတွေ ဟာလည်း ရောင်းချသူတွေနည်းတူ တာဝန်ယူရမယ့်အပိုင်းတွေ ရှိလာတယ်။ ဒါဟာ ရှားပါးတိရစ္ဆာန်တွေကို သတ်ဖြတ်နေမှုကိုဟန့်တားဖို့ တကယ့်ကို တွန်းအားတစ်ရပ် ဖြစ်လာနိုင်ပါတယ်” ဟု သူမကသုံးသပ်ခဲ့သည်။

တရုတ်အစိုးရသည် တိရစ္ဆာန်မျိုးနွယ် ၄၂၀ ၏အမည်များကို ကြေညာပြီး ယင်းတို့ ကို ရောင်းဝယ်ဖောက်ကားဖွင့်ပိတ်ပင်ကာ အကာအကွယ်ပေးသွားမည် ဖြစ်သည်။ ယင်းတို့အနက် ရွှေရောင်အမွေးနှင့် မျောက်များ၊ ပန်ဒါဝက်ဝံများလည်း ပါဝင်သည်။ယင်းစာရင်းပါ တိရစ္ဆာန်များ၏ အသား၊ ခန္ဓာကိုယ်အစိတ်အပိုင်း၊ ခန္ဓာကိုယ်မှ ထွက် ရှိသည့်အရည်တို့ အားလုံးကို ရောင်းဝယ်ဖောက်ကားပါက တရားဥပဒေအရ အပြစ်မြောက်မည်ဖြစ်သည်။ ကမ္ဘာ့ရှားပါး တိရစ္ဆာန်မျိုးနွယ်ဝင်ဖြစ်လာသည့် သင်းခွေကျပ် များကို တရုတ်နိုင်ငံရှိ စားသောက်ဆိုင် Menu များတွင် ဟင်းလျာစာရင်း၌ တွေ့မြင် ရမည်ဖြစ်ပြီး တစ်ပွဲလျှင် ယွမ်ငွေ ၂၀၀၀၊ တစ်နည်းအားဖြင့် ဒေါ်လာ ၃၂၀ ကျော်မျှ ကျသင့်မည် ဖြစ်သည်။

ရွှေဒင်္ဂါးလိပ်ဟု လူသိများသည့် လိပ်ကလေးများကမူ ဆေးဝါးအဆီတစ်မျိုး ထုတ်လုပ်ရာတွင် စတေးခံနေရသည်။ ယနေ့အချိန်တွင် အဆိုပါ လိပ်မျိုးနွယ်များသည် အရိုင်းသဘာဝအတိုင်းဖြစ်စေ၊ မွေးမြူသားဖောက် ဝယ်ယူရာတွင်ဖြစ်စေ အလွန် တရာ ဈေးနှုန်းမြင့်မားနေပြီဖြစ်သည်။ တရုတ်နိုင်ငံတွင် စားသောက်ရန်အပြင် ဆေး ဝါးဖော်စပ်ရန်အတွက်လည်း တိရစ္ဆာန်များ၏ ခန္ဓာကိုယ်အစိတ်အပိုင်းများကို ဝယ်ယူ လေ့ရှိသည်။ အထူးသဖြင့် ရှားပါးစာရင်းဝင်ဖြစ်သော ကျားများ၊ ကြံ့များသည် တရုတ်ဆေးဝါးဈေးကွက်တွင် အဓိက တောင်းဆိုမှုမြင့်မားသော ကုန်ကြမ်းများ ဖြစ် လာခဲ့သည်။ ၂၀၁၃ ခုနှစ်အတွင်းက နိုင်ငံတကာ တိရစ္ဆာန်ရေးရာကူညီစောင့်ရှောက် ရေးအဖွဲ့ကြီးက ထုတ်ပြန်သည့် သတင်းအချက်အလက်များအရ အလေးချိန်တူညီ လျှင် ကြံ့ချိုသည် ရွှေသားထက်ပင် ဈေးပိုရလောက်အောင် ရှားပါးလာကြောင်း သိရသည်။

“ဟောင်ကောင်မှာ ငါးမန်းတောင်ဟင်း ရောင်းချခွင့်ပိတ်ပင်ဖို့ ကျွန်မတို့ လှုံ့ဆော် ရဦးမယ်။ အချိန်အကြာကြီးရှိခဲ့ပေမယ့် ခုထိ ရလဒ်က မတိုးတက်ခဲ့ဘူး။ မနှစ်ကဆို ရင် တရုတ်နိုင်ငံမှာ အစိုးရညစာစားပွဲကြီးတွေကနေ ငါးမန်းတောင်ဟင်းကို အပြီး သတ် ပိတ်ပင်လိုက်ပြီ။ ဟောင်ကောင်မှာလည်း အဲဒီနောက်ပိုင်းမှာတော့ အစိုးရ အနေနဲ့ ပွဲလမ်းသဘင်တွေမှာ ငါးမန်းတောင်၊ ဆူးတောင်ပြာ တူနာငါးတွေကို မတည် ခင်းတော့ဘူး” ဟု ချယ်ရီကဆိုသည်။ ဟောင်ကောင်သည် တရားမဝင် ဖမ်းဆီးရမိ ထားသည့် ဆင်စွယ် ၂၈ တန်ကို မေလ ၁၅ ရက်နေ့တွင် မီးရှို့ဖျက်ဆီးမည်ဖြစ်သည်။

ယင်းသည် ဖမ်းဆီးရမိဖူးသမျှ တရားမဝင်ဆင်စွယ်များကို အရေအတွက် အများဆုံး ဖျက်ဆီးမှုလည်း ဖြစ်လာသည်။ချယ်ရီက မျိုးသုဉ်းလုနီးပါး တိရစ္ဆာန်များကို စောင့်ရှောက်ထိန်းသိမ်းရာတွင် စားသုံးမှုလျှော့ချခြင်း၊ မှောင်ခိုဈေးကွက်များကို ဖြိုခွဲခြင်းတို့ထက် ပိုမိုသော စံနှုန်းများ လိုအပ်နေဆဲဟု မှတ်ချက်ပြုခဲ့သည်။ “တခြားရှုထောင့်တွေကနေ အားထုတ်ရမှာတွေ အများကြီးပဲ။ ကောင်ရေလျော့ကျလာတဲ့ ရှားပါးတိရစ္ဆာန်တွေအတွက် အဓိက ခြိမ်းခြောက်မှုတွေက မြို့ရွာတိုးချဲ့လာတာ၊ စိုက်ပျိုးမြေ တိုးချဲ့လာတာတွေလည်း အပါအဝင် ဖြစ်ပါတယ်။ နောက်ပြီး ရာသီဥတုအပြောင်းအလဲလိုမျိုး၊ တရားမဝင်အမဲလိုက် သတ်ဖြတ်မှုတွေလိုမျိုးပေါ့” ဟု သူမကပြောဆိုသွားသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*