ရေကြီးရေလျှံ သတင်းလိုက်စဉ် ဖိနပ်ရေစိုမှာစိုးသည့် သတင်းထောက် သရော်ဝေဖန်ခံရ

မက္ကဆီကိုနိုင်ငံမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေချိန် သတင်းရယူဖို့ ရောက်ရှိနေတဲ့ သတင်းထောက် အမျိုးသမီးတဦးဟာ သူ့ရဲ့ တန်ဖိုးကြီးဖိနပ် ရေစိုမှာစိုးရိမ်လို့ ဒေသခံ ၂ ဦးကို ချီပိုးခိုင်းပြီး ရေထဲကို ဖြတ်လျှောက်စေခဲ့လို့ သရော်ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။

လင်ဒီယာကမ်းမင်း အမည်ရတဲ့ အဲဒီအမျိုးသမီးဟာ တီဗွီအက်ဇ်တီကာရုပ်သံမှ သတင်းထောက်တဦးဖြစ်ပြီး သူ့ရဲ့ အသက်မွေးဝမ်းကျောင်းဆိုင်ရာ အရည်အသွေးစံ မပြည့်ဝမှုအတွက် ဝေဖန်ခံနေရပါတယ်။

သူဟာ ရေကြီးရေလျှံမှုကြောင့် နစ်မြုပ်နေခဲ့တဲ့ မက္ကဆီကိုနိုင်ငံ အလယ်ပိုင်း ပြူဗလာမြို့ဆီ သတင်းယူဖို့ သွားရောက်ခဲ့ချိန်မှာ ခုလိုဖြစ်ခဲ့တာပါ။

သူ့ရဲ့ဇာတ်လမ်းဟာ အင်တာနက်ပေါ်မှာ တမုဟုတ်ချင်း ပျံ့နှံ့သွားခဲ့ပြီး ဒီအဖြစ်အတွက် ရုပ်ပြောင်ပုံတွေနဲ့ သရော်နေကြတာပါ။

ဘတ်ဇ်ဖိဒ်မှာ ဖော်ပြတဲ့ သတင်းတပုဒ်မှာတော့ ဒေသခံ ၂ ဦးက သူ့ကို အိမ်နီးချင်း ဘီးတပ်ကုလားထိုင်နဲ့ နေထိုင်ရတဲ့ သက်ကြီးရွယ်အို ရေဘေးဒုက္ခသည်တဦးဆီ ခုလိုခေါ်ဆောင်သွားဖို့ ကမ်းလှမ်းခဲ့တာလို့ ပြောပါတယ်။

ကမ်းမင်းက အယ်လ်ပဲရစ္စ သတင်းဌာနကို သူ့အနေနဲ့ လုပ်ငန်းနဲ့သက်ဆိုင်တဲ့ ဝန်းကျင်မှာ လူတွေနဲ့ သဟဇာတဖြစ်အောင် နေလေ့ရှိပြီး ရိုင်းစိုင်းတယ်လို့ မထင်စေရအောင် နေလေ့ရှိကာ အဲဒီအချိန်မှာလည်း အချိန် ၂ စက္ကန့်လောက်သာကြာပြီး မြေကြီးပေါ်ပြန်ချပေးဖို့ တောင်းဆိုခဲ့တယ်လို့ ပြောပါတယ်။

ဒါပေမယ့် နောက်ကျသွားခဲ့ပြီး တခြားသတင်းထောက်တွေဟာ ဒေသခံ ၂ ဦး ပွေ့ချီခေါ်ခဲ့တာကို မင်းသမီးတဦးလို ကျော့ကျော့လေး လိုက်သွားခဲ့တဲ့ သူ့ရဲ့ဓာတ်ပုံကို ရိုက်ယူခဲ့ပြီး ဖြစ်နေပါပြီ။

ဒေသခံအမျိုးသားက သူ့ရဲ့ခြေထောက်ကို ဆုပ်ကိုင်ထားပြီး သက်ကြီး အမျိုးသမီးတဦးကတော့ တခြားတဘက်ကို မချီထားခဲ့ချိန်မှာ ကမ်းမင်းဟာ ဖက်ရှင်ကျတဲ့ ဂျက်ကက်နဲ့ ဂျင်းကို ဝတ်ဆင်ထားခဲ့ပြီး ဖိနပ်ဟာ တစက်ကလေးမှ ရေစိုမနေခဲ့ပါဘူး။

သူ့ရဲ့ ညာဘက်လက်မှာတော့ မိုက်ခရိုဖုန်းကို ကိုင်ထားခဲ့ပြီး လည်ပင်းမှာတော့ မီဒီယာအသိအမှတ်ပြုကတ်ကို ချိတ်ဆွဲထားခဲ့ပါတယ်။

ကမ်းမင်းက “သတင်းထောက်တွေဟာ သတင်းလိုက်နေချိန်မှာ တွေ့ရတဲ့ အတွေ့အကြုံတွေထဲက ပျော်ရွှင်စရာနည်းလမ်းတခု အနေနဲ့ ခုလိုလုပ်ကြတာပါ” လို့ ရှင်းပြခဲ့ပါတယ်။

သတင်းထောက်တဦးက အဲဒီဓာတ်ပုံကို ကမ်းမင်းရဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာပေါ်ကို တင်ခဲ့ပြီးနောက်မှာ မိနစ်ပိုင်းအတွင်းမှာ ပျံ့နှံ့သွားခဲ့ပါတယ်။

ဟိုဆေးဒန်နီယယ် ဟာနန်ဒက်ဇ် အမည်ရသူက တွစ်တာ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ “ရှက်စရာကောင်းလိုက်တာ။ တီဗွီအက်ဇ်တီကာ ရုပ်သံဌာနက သတင်းထောက် လင်ဒီယာ ကမ်းမင်း ရေစိုမှာ ရှောင်လို့ရအောင် ဓာတ်လှေကားခေါ်ပေးလိုက်ပါ” လို့ ရေးခဲ့တာပါ။

ကမ်းမင်းကို Star Wars, Game of Thrones စတဲ့ ရုပ်ရှင်ဇာတ်ကားတွေကနေ Titanic ရုပ်ရှင်ဇာတ်ထားထိ များစွာသော ရုပ်ပြောင်သရော်ပုံတွေနဲ့ ဝေဖန်ခဲ့ကြပါတယ်။

နာရီအတော်ကြာမှာတော့ တီဗွီအက်ဇ်တီကာရုပ်သံမှ ပိုင်ရှင်ဖြစ်သူ ဂျူအန် ကားလော့စ် ဗဲလ်ရီယိုက ကမ်းမင်းကို အလုပ်က ထုတ်ပယ်ပစ်လိုက်ပြီလို့ တွစ်တာ လူမှုကွန်ရက်စာမျက်နှာပေါ်မှတဆင့် ရေးသားခဲ့ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*