လူဝင်စားငှက်ဆိုပြီး ထင်ကြေးပေးခံနေရတဲ့ ဂျပန်နိုင်ငံက ထူးထူးဆန်းဆန်း ငှက်လေး

ပြီးခဲ့တဲ့ နေလ ၁၅ ရက်နေ့တုန်းက ဂျပန်နိုင်ငံမှာရှိနေတဲ့ ဘူတာရုံတစ်ရုံရဲ့အပြင်ဖက်မှာ ထူးထူးဆန်းဆန်းငှက်တစ်ကောင် တွေ့ခဲ့တဲ့အကြောင်း Twitter မှာ ဟိုးလေးတစ်ကျော်ဖြစ်သွားခဲ့တာ အခုအချိန်ထိပါပဲ။


@rukikikikiki ဆိုတဲ့ Twitter account ပိုင်ရှင်ဟာ ငှက်လေးတစ်ကောင်ရဲ့ပုံနှစ်ပုံကို account မှာ တင်ခဲ့ပါတယ်။ ငှက်လေးဟာ Shinjuku ဘူတာရဲ့ အဝင်ဝပေါက်မှာ ရှိနေတာဖြစ်ပြီး အချိန်တော်တော်ကြာသည်အထိကို ဒီအတိုင်းကြီး မလှုပ်မယှက်နဲ့ပေါ့လေ။

ငှက်ပုံကိုကြည့်လိုက်တဲ့အခါမှာတော့ မျက်လုံးပြူးတူးကြောင်တောင်နဲ့ အရမ်းကို အံ့သြပြီးအူကြောင်ကြောင်ဖြစ်နေတဲ့ပုံစံမျိုးဖြစ်နေတာပါ။ ဒီအပြင် ငှက်လေးရဲ့တောင်ပံတစ်ဖက်ဟာ နောက်တစ်ဖက်ထက် နည်းနည်းရှည်နေပြီး အမွှေးလေးမှာ မည်းမည်းလေးဖြစ်နေတဲ့အတွက် စီးပွားရေးလုပ်သူတွေကိုင်တတ်တဲ့ suitcase လေးမျိုး ကိုင်ထားသလို ဖြစ်နေပါသေးတယ်။ဒါကြောင့် Twitter မှာ လူတွေက ဒီလို တစ်ခါမှ မမြင်ဖူးတဲ့ ထူးထူးဆန်းဆန်းငှက်လေးကို စိတ်ဝင်စားလာခဲ့ကြရင်း တချို့ကျတော့လည်း ကုမ္ပဏီဝန်ထမ်းအမျိုးသားတစ်ယောက်များ ဘူတာထဲကထွက်လာရင်း ငှက်အဖြစ်အပြောင်းခံလိုက်ရတာလားဆိုပြီး တမင်တကာတင်စားပြီး ပြောနေခဲ့ကြတာပါ။


တစ်ချို့ဆိုရင် ဘူတာရုံဝန်ထမ်းသေလို့ ဝင်စားတဲ့ လူဝင်စားငှက်ဆိုပြီးတောင် ထင်ကြေးပေးခဲ့ကြပါတယ်။ ပုံမှန်အတိုင်းဆို ငှက်တွေဟာ လူကြားထဲလာလေ့မရှိပေမယ့် ဒီငှက်လေးကတော့ ဘူတာရုံဝင်ပေါက်မှာ တစ်ယောက်ယောက်ကို စောင့်နေတဲ့ ပုံစံမျိုးနဲ့ အချိန်အကြာကြီးကို ရှိနေခဲ့တာပါ။

တကယ်တမ်း အဲဒီငှက်ကလေးဟာ “Mizogoi” ဆိုတဲ့ ငှက်ကလေးပါတဲ့။ ဂျပန်နိုင်ငံရဲ့မျိုးသုဉ်းတော့မယ့် တိရိစ္ဆာန်လေးများစာရင်းထဲ ပါဝင်နေတဲ့ငှက်လေးဖြစ်ပြီး လူလည်းသိပ်ကြောက်ပါတယ်တဲ့လေ။ ဒါကြောင့် လူသူကင်းရှင်းပြီး တိတ်ဆိတ်လှတဲ့ စိုစိုထိုင်းထိုင်းတောနက်ထဲမှာပဲ နေထိုင်ကျက်စားလေ့ရှိကြတာပါ။ ဒါပေမဲ့လည်း အခုလိုမျိုး မြို့ပြကြီးအထိ အရွယ်ရောက်ပြီးသားငှက်တစ်ကောင် လာနေနေတယ်ဆိုတော့ သဘာဝရာသီဥတုများ အပြောင်းလဲကြီးပြောင်းလဲတော့မလို့လား ဒါမှမဟုတ်လည်း သူတို့ကျက်စားရာဒေသမှာများ အနှောက်အယှက်ရှိလို့လားဆိုပြီး ပညာရှင်တွေက သုံးသပ်ကြတယ်လို့ Sora News မှာ ဖော်ပြထားပါတယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*