အပြင်တစ်ခါထွက်တိုင်း နိုင်ငံခြားသူ ကောင်မလေးတစ်ယောက်ပါအောင် ခေါ်လာနိုင်တဲ့ ဂူအောင်းအမျိုးသား

ရုရှားအမျိုးသမီးလေးနဲ့ ဂူအောင်းထိုင်းအမျိုးသားတို့ကြားက အချစ်ဇာတ်လမ်း

အသက်(၄၈) နှစ်အရွယ် Jatuphum ဟာ ထိုင်းနိုင်ငံမှာ နေ့ချင်းညချင်း ကျော်ကြားသူတစ်ဦး ဖြစ်လာပါတယ်။ Jatuphum က ရုရှားအမျိုးသမီးလေးတစ်ဦးကို သူနေထိုင်ရာဂူ Koh Phangan ဆီအရောက် ဘယ်လိုစကားလုံးတွေနဲ့ ချုပ်ပြီး ခေါ်လာခဲ့တယ်ဆိုတဲ့ ဖြစ်စဉ်အစအဆုံးကို ဖေ့စ်ဘုတ်မှာ မျှဝေခဲ့ရာကနေ ချက်ခြင်းကို လူသိများလာခဲ့တာပါ။

 

သူတင်တဲ့ ပို့စ်ကို ကြည်နူးဖွယ်ကောင်းတယ်လို့ ဆိုသူတွေရှိသလို ကြောက်စရာကြီးလို့ ဆိုသူတွေလည်း ရှိနေပါတယ်။ ပို့စ်ထဲမှာတော့ Jatuphum က ရုရှားသူလေးနဲ့ သူဘယ်လို စတွေ့ခဲ့တယ်ဆိုတာ အခုလိုရေးသားခဲ့ပါတယ်။ တစ်နေ့ Jatuphum ဟာ စတိုးဆိုင်တစ်ဆိုင်ရှေ့မှာ ပိန်ပိန်သွယ်သွယ်နဲ့ မိန်းမလှလေးတစ်ယောက်ကို လှမ်းတွေ့လိုက်ပါတယ်။

ဒါနဲ့ သူက ကောင်မလေးဆီ သွားပြီး “မင်းက ဖျက်လိုဖျက်ဆီး လုပ်လိုက်တာပဲ။ ကိုယ်က အိမ်ပြန်မလို့လုပ်နေတာ။ ဒါပေမယ့် မင်းက တော်တော်လေးလှတော့ အိမ်တောင် မပြန်နိုင်ပဲ ဆိုင်ကယ် ပြန်လှည့်ခဲ့ရတယ်။ ကိုယ်မင်းနဲ့ စကားပြောဖို့လိုတယ်။ ဒါမှ မင်းက ရုပ်လေးလှသလို စိတ်ထားလေးလည်းလှမလား သိရမှာ။” ကောင်မလေးက ရယ်လိုက်ပြီး သူမဟာ ရုရှားမှဖြစ်ကြောင်းနဲ့ ထိုနေ့မှာ Koh Phangan ဆီလာလည်တဲ့ နောက်ဆုံးရက်ဖြစ်တယ်လို့ ဆိုပါတယ်။

Jatuphum က ကောင်မလေးကို သူနေထိုင်တဲ့ဂူဆီ အလည်လိုက်မလား မေးတော့ သူမက အန ္တရာယ်ဖြစ်နိုင်တယ်ဆိုပြီး ချက်ခြင်း လက်မခံသေးပါဘူး။ ဒါပေမယ့် Jatuphum က “မင်းက တခြားနိုင်ငံကဆိုတော့ လူစိမ်းက သူနဲ့လိုက်ဖို့ ခေါ်နေတာ ဘယ်လိုက်နိုင်ပါ့မလဲ။ ဒါပေမယ့် မစိုးရိမ်ပါနဲ့။ ကိုယ်ခေါ်သွားမယ့်နေရာက လူသူနဲ့ မဝေးပါဘူး။ အကူအညီတွေ လှမ်းခေါ်လို့ရပါတယ်။” လို့ ဆိုတဲ့အခါမှာတော့ ကောင်မလေးက လိုက်မယ်လို့ပြောပြီး Jatuphum ရဲ့ ဆိုင်ကယ်ပေါ်ကို ခုန်တက်လိုက်ခဲ့ကြောင်း ပို့စ်မှာရေးသားထားပါတယ်။

 

Jatuphum ရဲ့ ပို့စ်ကိုမြင်ပြီး ထိုင်းအမျိုးသားတွေကတော့ Jatuphum ကိုသူတို့ရဲ့ idol ဆိုပြီး ခေါ်နေကြပါတယ်။ အပြောအဆိုညက်တယ်၊ သတ္တိရှိတယ်နဲ့ ချီးမွမ်းနေကြပါတယ်။ ရုရှားအမျိုးသမီးကို ဂူထဲခေါ်လာတဲ့ ပို့စ်တက်ပြီး နာရီအနည်းငယ်လောက်ကြာတဲ့အခါ Jatuphum ဟာ အိပ်ရာပေါ်မှာအိပ်နေတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ပုံကို ပို့စ်ထပ်တင်ပြန်ပါသေးတယ်။ ဒါကြောင့် သူနဲ့ ပတ်သက်လို့ အွန်လိုင်းပေါ်က လူတွေကတော့ သို့လောသို့လော ဖြစ်နေပါတယ်။

ဒါတင်မကသေးပါဘူး။ Jatuphum က အရင်တုန်းကလည်း သူအပြင်တစ်ခေါက်ထွက်တိုင်း အမျိုးသမီးတစ်ယောက်က သူ့ဂူထဲ အလည်လိုက်, လိုက်လာတဲ့အကြောင်း၊ သူအပြင်ထွက်တိုင်း မိန်းမချောတွေနဲ့ချည်း တွေ့နေတော့ သူ့မှာ ဒုက္ခရောက်ရပါကြောင်း စသဖြင့် ဓာတ်ပုံတွေ ၊ စာတွေနဲ့ ရေးတင်ခဲ့ပါသေးတယ်။ Jatuphum က သူဟာ ချစ်တတ်သူ တစ်ဦးဖြစ်ပြီး သူ့မှာ ချစ်သူအမျိုးသမီးတွေ အများကြီးရှိတယ်လို့ ဆိုပါတယ်။

 

ရုရှားအမျိုးသမီးလေးနဲ့ ပတ်သက်တဲ့ ဇာတ်လမ်းကိုတော့ ပြန်ပြောပါဦးမယ်။ အစောပိုင်းတုန်းက အိပ်ရာပေါ်မှာ အိပ်နေတဲ့ အမျိုးသမီးက ၎င်းရုရှားသူလေး မဟုတ်ပဲ သူ့ချစ်သူတွေထဲက တစ်ယောက်လို့ Jatuphum က ဆိုပါတယ်။

Jatuphum က ရုရှားအမျိုးသမီးလေးနဲ့ ဂူထဲရောက်တဲ့အခါ သူမကို နမ်းခွင့်တောင်းပေမယ့် ရုရှားမလေးက မရဘူးလို့ဆိုကာ သူ့ကို ငြင်းပယ်ခဲ့ကြောင်းနဲ့ လက်ရှိအချိန်ထိ သူ့ကို ငြင်းခဲ့တာဆိုလို့ ၎င်းရုရှားမလေးပဲ ရှိသေးတယ်ဆိုပြီးတော့လည်း ပြောပြခဲ့ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*