လမ်းဘေးမှာ ရပ်ထားတဲ့ကားအကောင်းစားကြီးကို ဆိုင်ကယ်တစ်စီးက ဝင်တိုက်လိုက်သောအခါ

လမ်းဘေးမှာ ရပ်ထားတဲ့ ကျွန်တော့်ကား အနောက်ကို ဆိုင်ကယ်တစ်စီးက ဝင်တိုက်တယ်။

ကွဲသွားတဲ့ ကားနောက်ပိုင်း စကတ်ကိုကြည့်ရင်းဘရမ်းနယူး ကားအသစ်မို့ နှမျောစိတ်ကရင်ကို ဆို့တယ်။

လမ်းဘေးမှာ လွတ်လွတ်ကင်းကင်းရပ်ထားရက်နဲ့ လာတိုက်တဲ့သူကို ဒေါသထွက်တယ်။

ပုံစံကြည့်တော့လည်း တရုတ်ဆိုင်ကယ်အစုတ်နဲ့မီးသွေးတင်တဲ့ အလုပ်သမား ထင်ပါရဲ့..။လျော်နိုင်ပုံလည်း လုံးဝ မပေါ်။

“မင်းဘာဖြစ်သွားလဲ..”ဆိုပြီး မေးတော့ “ဘာမှ မဖြစ်ဘူး..”တဲ့။

“ဘာမှမဖြစ်ရင် ငါတို့ သွားပြီကွာ..”ဆိုပြီးကျွန်တော် ကားပေါ်တက် မောင်းထွက်လာခဲ့တယ်။

အတူပါလာတဲ့ သူငယ်ချင်းက “နှမျောစရာကြီးကွာ….မင်း မလျော်ခိုင်းဘူးလား….ကိုယ်က အမှန်..သူက အမှား..မင်း စိတ်မတိုဘူးလား..” ဆိုပြီး မေးတယ်။

ကျွန်တော်က “နှမျောတာပေါ့…စိတ်တိုတာပေါ့..သူငယ်ချင်းရယ်….ဒါပေမဲ့ “ကိုယ့်သက်တမ်းကို သူများဆီခွဲမပေးနိုင်ပါဘူး”လို့ ပြန်ပြောလိုက်တယ်။

သူ့ပုံစံကြည့်ရတာ လျော်နိုင်ပုံ မပေါ်။နောက်တစ်ချက်က ကျွန်တော့်ကားက အာမခံထားတယ်။

နောက်တစ်ချက်က အာမခံ မလျော်ပေးလည်း ဒီ ပမာဏကို ကျွန်တော် ပြင်နိုင်တယ်။

ဒီပမာဏဟာ ကျွန်တော့်အတွက် ဘာမှ မဟုတ်ပေမယ့် သူ့အတွက်တော့ ဘဝတစ်ခုစာလည်း ဖြစ်နိုင်တယ်။ မိသားစု သုံးလေးလ ထမင်းငတ်လို့လည်း ရတယ်။

တော်ပြီ..အစစ အရာရာ တွက်ချက်ပြီးတဲ့နောက် ကျွန်တော့်ကားကို ဆိုင်ကယ်က တိုက်တယ်ဆိုတဲ့ ဖြစ်စဉ်ကို အဲဒီနေရာမှာပဲ ကျွန်တော်ထားခဲ့လိုက်တယ်။

ကျွန်တော်တို့သက်တမ်းကသိပ်တိုပါတယ်…အချိန် မိနစ် စက္ကန့်ပေါင်းများစွာ ကျွန်တော်တို့ ဖြတ်သန်းလာပြီးပြီ။

နောက်ထပ် ဘယ်လောက် နေရအုံးမယ် မသိ။နောက် ဆယ်နှစ်လား..နောက် တစ်နှစ်လား..နောက် တစ်လ လား..မနက်ဖြန်လား…..

ဘယ်နေ့သေမယ် မသိတဲ့ သက်တမ်းတစ်ခုမှာ ကိုယ်ရှင်သန်နေရတဲ့ အချိန် နာရီ မိနစ် စက္ကန့်တိုင်းကို ကျွန်တော် လောဘကြီးပါတယ်။

ကိုယ့်အတွက်ပဲ ကိုယ်သုံးမှာပေါ..။သူများအတွက် စိတ်တိုနေဖို့ ၊သူများကို မနာလို ဖြစ်နေဖို့ ၊သူများအကြောင်း စဉ်းစားနေဖို့ ဖဲ့မပေးနိုင်ပါဘူး။

ကျွန်တော်နဲ့ ရင်းနှီးသူတိုင်းသိတဲ့အကြောင်းအရာတစ်ခု ရှိပါတယ်။

“ကိုယ့်ရဲ့ မကောင်းကြောင်းကို(. ……)က ပြောနေတယ်”လို့တစ်စုံတစ်ယောက်ကလာပြောရင် ကျွန်တော် သူ့ကို ပြန်ပြောမှာက ဒီလိုပါ။

“သူ့ မကောင်းကြောင်းကိုရောကျွန်တော် ခင်ဗျားကို ပြောဖူးလား..”

“မပြောဖူးပါဘူး..”

“ဒါဆို ရပါပြီဗျာ..သူဘာတွေပြောလဲ လာမပြောပါနဲ့..ကျွန်တော် မသိချင်ပါဘူး..”

ဒါဟာ..ကျွန်တော် စိတ်ကောင်း နှလုံးကောင်းရှိတာစိတ်ဓာတ်မြင့်မြတ်တာ မဟုတ်ဘူးနော်..။သူတော်ကောင်းကြီး လုပ်တာ မဟုတ်ဘူးနော်။

လူဖြစ်တာမို့ ကျွန်တော့်မှာ လောဘ ဒေါသ မောဟ ရှိတယ်။ကိုယ့်မကောင်းကြောင်းပြောရင် စိတ်တိုတာပေါ့။

ကိုယ့်ပစ္စည်းဥစ္စာ ထိခိုက်သွားတာ နှမျောတာပေါ့။မနာလိုစိတ်လည်း ရှိတယ်။စိတ်ပုတ် စိတ်ယုတ်လည်း ရှိတယ်။

ဒါပေမဲ့ ကျွန်တော်……… အဲဒီနေရာမှာပဲ ရပ်တယ်။ “ငါ့ရှင်သန်ရမယ့် အချိန်တွေကို သူများဆီ ဖဲ့ပေးရတော့မယ်”ဆိုပြီး သတိကပ်တယ်။

စဉ်းစားကြည့်ဗျာ..ကိုယ်နဲ့ မကြည်တဲ့ လူတစ်ယောက်အကြောင်းခင်ဗျားတွေးနေရင်းနဲ့ နှလုံးသားထဲမှာဆယ်မိနစ်လောက် တနုံ့နုံ့ ဖြစ်နေတယ်ဆိုပါစို့။

ခင်ဗျား ဘဝအဆက်ဆက် ကုသိုလ်ကောင်းမှုပြုလို့ ရှားရှားပါးပါး လူဖြစ်လာရတဲ့ ဒီဘဝရဲ့သက်တမ်း ဆယ်မိနစ်ကို အဲဒီလူအတွက် ဖြုန်းလိုက်သလိုပဲ။ မတန်ဘူး..

မနေ့က အစ်မတစ်ယောက်တင်တဲ့ ပိုစ့်လေးထဲမှာတော့ ဒီသဘောကိုသူက တိုတို ထိထိလေး ရေးထားတယ်။

“လှုပ်သာ လှုပ် ၊ မလုပ်မိစေနဲ့..”…တဲ့။ သူကတော့ တရား သဘောနဲ့တင်ထားတာ။အဓိပ္ပါယ်ကတော့ နေ့စဉ်ဘဝမှာမြင်တာ ကြားတာတွေကို စိတ်ကသိတယ်။

အဲဒါကို လှုပ်တယ်လို့ခေါ်တယ်။အဲဒီ မြင်တာ ကြားတာတွေအပေါ်ဒေါသထွက်မယ် လောဘတက်မယ်စိတ်မချမ်းမသာဖြစ်မယ်။ဒါကိုတော့ လုပ်တာလို့ခေါ်တယ်။

လှုပ်ရုံ လှုပ်တာက ပြဿနာမရှိဘူး..အဲဒီအပေါ်မှာ နောက်ဆက်တွဲတွေ ဆက်မပါလာဖို့ (ဆက်မလုပ်ဖို့) သတိကပ်စေချင်တာ။

အမှန်ပါပဲ..ကျွန်တော်တို့လည်း လူမှုဘဝမှာ သွားလာနေထိုင် လှုပ်ရှားနေရင်းလောဘ ဒေါသ မောဟ မာန်မာန မနာလိုမှုဝန်တိုမှု တွေဖြစ်လာကြမှာပဲလေ…ကြုံလာကြမှာပဲလေ…..လူကိုး…။

လှုပ်တာပေါ့..လှုပ်တာပေါ့..တဖျတ်ဖျတ်ကို ခါယမ်းလှုပ်ခါတာပေါ့..ဒါပေမဲ့ ဆက်မလုပ်မိဖို့ သတိကပ်တယ်။ကိုယ့်သက်တမ်းတိုတိုလေးကို ကိုယ့်အတွက်ပဲ သုံးမှာပေါ့။

ဘာလို့ သူများအတွက်နဲ့ ဖဲ့ပေးနေရမှာလဲလေ..။ မူရင်းရေးသားသူနဲ့စာချစ်သူများအား လေးစားလျှက် ပြန်လည်မျှဝေပေးပါသည်

Be the first to comment

Leave a Reply

Your email address will not be published.


*