
လက်ဘနွန်နိုင်ငံ၊ Beirut မြို့တော်မှာ ထူးဆန်းတဲ့ အဆောက်ဦတစ်ခု ရှိပါတယ်။ အဲဒီအဆောက်ဦဟာ မြေထဲပင်လယ်ဘက်ကို မျက်နှာမူထားပြီး၊ အမြင့် (14)မီတာ ရှိပြီး၊ အနံကတော့ (၁)မီတာ (၃ ပေကျော်ကျော်)လောက်ပဲ ရှိပါတယ်။ လူနေမယ်ဆိုလည်း မရမက ကပ်နေမှ ရမယ့်သဘောပါ။ပေ (၅၀)လောက် အမြင့်ရှိတဲ့ အုတ်တံတိုင်းကြီးနဲ့ တူနေပါတယ်။
ဒီအဆောက်ဦကို 1954 ကတည်းက ဆောက်လုပ်ခဲ့ပြီး၊ အာရေဗျဘာသာစကားနဲ့ ‘al-Ba’sa လို့ ဒေသခံတွေက အမည်ပေးခဲ့ပါတယ်။ အဓိပ္ပါယ်က ‘The Grudge’ လို့ ရပါတယ်။ ” အညိုးအာဃာတတွေနဲ့ ဆောက်တဲ့အိမ်”လို့ ဆိုရမှာပါ။ ကမ္ဘာ့အပါးဆုံး အဆောက်ဦလို့တောင် သတ်မှတ်လို့ရပါတယ်။
ညီအစ်ကိုချင်း မတည့်ကြလို့ အစ်ကိုဖြစ်သူ ရှေ့က မြေထဲပင်လယ်မြင်ကွင်း မမြင်ရအောင် တမင်ညစ်ပြီး ဆောက်ခဲ့တာလို့ ဆိုပါတယ်။ ညီအစ်ကိုချင်း ဘယ်လိုအဆင်မပြေကြတာလဲဆိုတာတော့ သတင်းမှာ ရှင်းရှင်းလင်းလင်း ဖော်ပြမထားပါဘူး။ အခုနောက်ပိုင်း လက်ဘနွန် အိမ်ခြံမြေ ဥပဒေအရတော့ ဒီလိုအဆောက်ဦ ဆောက်ခွင့်မရှိတော့ဘူးလို့ သိရပါတယ်။
ဒါပေမယ့် အဲဒီအိမ်ပါးပါးလေးဟာ လက်ဘနွန်ပြည်တွင်းစစ်အတွင်းတုန်းက ပြည့်တန်ဆာအိမ်အဖြစ် အသုံးပြုခဲ့ပြီး၊ မိသားစုတစ်စုအတွက် ခဏတာတည်းခိုရာအိမ်အဖြစ်လည်း သုံးခဲ့သေးတယ်လို့ သိရပါတယ်။ သို့ပေမယ့် ဒီလို ညစ်ပတ်တဲ့စိတ်နဲ့ ဆောက်ထားတဲ့ အဆောက်ဦဟာ ဒီတစ်ခုတည်း ရှိတာမဟုတ်ဘဲ တစ်ခြားဒေသမှာလည်း ဒီလိုပုံစံတစ်ခုရှိသေးတယ်လို့ တွစ်တာအသုံးပြုသူတစ်ဦးက ထပ်မျှဝေခဲ့ပါတယ်။
Leave a Reply