မြန်မာတွေမာန်တက်ဦးမှာလား

စင်္ကာပူကို ကြက်ဥ ၊ ဘဲဥတွေ ယူမိရင် ဒဏ်ငွေ အပြင် ထောင်ဒဏ်ပါ ကျနိုင်ကြောင်း သတင်းကိုတွေ့တော့ မချိပြုံး ပြုံးမိတယ်..။စိုက်ပျိုးရေး ဆေး ရောင်းသူကျွန်တော်ဟာ  ပရဟိတအလုပ်တွေနဲ့ တစ်နိုင်ငံလုံး ခြေဆန့်မိတဲ့အခါ ဒေသပေါင်းစုံက စိုက်ပျိုးရေးအခြေအနေလေးတွေကို  ဂရုစိုက်ပြီး ကြည့်မိတယ်..။

ကယန်းဒေသမှာ အဓိကထွက်ကုန်ဟာ ငရုတ်သီးဖြစ်ပါတယ်။ ဘ၀တစ်လျှောက် စားဖူးသမျှ ငရုတ်သီးတွေထဲ ကယန်းငရုတ်သီးလောက်စပ်တာ မတွေ့ဖူးပါ.. ဒါ့အပြင် ကယန်းငရုတ်သီးရဲ့ ထူးခြားချက်က “ဘယ်လောက်စားစား ပါးစပ်ကသာစပ်တာ ၀မ်းထဲ မပူပါဘူး..” တဲ့..


အဟုတ်ပါပဲ.. ငရုတ်သီး အစားများလို့ ဗိုက်ထဲ ပူနေတာတို့ မစင်စွန့်တဲ့အခါ ပူနေတာတို့ မရှိပါဘူး.. ဒီလောက်စပါယ်ရှယ်ကောင်းတဲ့ငရုတ်သီးကို ဘယ်ကိုရောင်းတာလဲဆိုတော့  ထိုင်းကိုတင်ပို့တာပါတဲ့.. ပြည်တွင်းမှာက သာမန်ငရုတ်သီးထက် စျေးကြီးလို့ဆိုပြီး
ကယန်းငရုတ်သီးကို သိပ်မ၀ယ်နိုင်ကြဘူးတဲ့..။ ( ငရုပ်ဆုံကြီး ထောင်းကာထောင်းကာနဲ့ ပင်လယ်စာတွေကို ငရုတ်သီးနိုင်းချင်းထည့်ပြီး
တရူးရူးတရှဲရှဲစားပြတဲ့ ထိုင်းဆယ်လီကိုတောင် မျက်လုံးထဲမြင်ယောင်မိပြီး သူစားနေတာ  ငါတို့မြန်မာပြည်က ကယန်း ငရုတ်သီးများလားရယ်လို့  တွေးမိသေးတယ်..)

“အခုတော့ ကယန်းဒေသက ငရုတ်သီးကို ထိုင်းကမ၀ယ်တော့ဘူး အကိုရေ..”တဲ့..
“ဟေ ..ဘာဖြစ်လို့လဲ..”
“ကယန်း ငရုတ်သီးမျိုးကို ထိုင်းမှာစိုက်ပျိုးတာ အောင်မြင်သွားပြီလေ..”
“အော်…”

မနေ့က ညီမလေးခင်နှင်းကြည်သာနဲ့ အဲဒီအကြောင်းတွေ ပြောမိတဲ့အခါ  သူကလည်းပြန်ပြောတယ်..။ “စိန်တစ်လုံးသရက်သီးကို အရင်က တရုတ်က အရမ်း၀ယ်တာလေ..အခုတော့ မ၀ယ်တော့ဘူး တရုတ်မှာ စိုက်လို့ဖြစ်သွားပြီအကိုရ..” ကိုယ့်နိုင်ငံက အဖိုးတန်တဲ့အရာတွေကို တခြားနိုင်ငံကနေ အသာလေးယူပြီး မျိုးပွားအောင်မြင်နေတဲ့ အချိန်မှာ  ကျွန်တော်တို့ကရော သူတို့နိုင်ငံကနေ ဘာတွေ ပြန်မျိုးပွားနိုင်ပြီလဲ.. ငယ်ငယ်ကကြားဖူးတဲ့ အကြောင်းအရာလေး..။ အစ္စရေးက စိုက်ပျိုးရေး ပညာရှင်ကြီးကို မြန်မာနိုင်ငံက ငှါးတဲ့အခါ သူလာကြည့်ပြီးစိတ်ဆိုးပြီးပြန်သွားတယ်..တဲ့.. မင်းတို့နိုင်ငံက ဘာစိုက်စိုက်ဖြစ်တဲ့ဟာကို ငါ့ကိုဘာဖြစ်လို့ခေါ်တာလဲ..တဲ့..


ဂျင်းတွေ ..ဂျင်းတွေ.. ကိုယ်တို့ မြန်မာတွေ မာန်တွေတက်နေကြတာ..။ အခုကျွန်တော်တို့နိုင်ငံကနေ ပြည်ပကို ဂုဏ်ရှိရှိပို့နိုင်တဲ့ အသီးအနှံက ဘာရှိလို့လဲ..။ ပို့နိုင်လည်း ခဏပဲ.. ဟိုက စမ်းသပ်ပြီး မျိုးယူသွားကြတာပဲ.. သူတို့နိုင်ငံက သီးနှံတွေကျတော့  အဆင့်မြင့်နည်းပညာတွေသုံးပြီး တခြားနိုင်ငံက ပုံတူကူးမရအောင် ကာကွယ်ထားကြတယ်..။ ထိုင်းက ကမ္ဘာကျော်အုန်းသီးအပါအ၀င်  သီးနှံတွေရဲ့ မျိုးတွေကို သူများနိုင်ငံက ယူမရအောင် အထူးစီမံထားကြတယ်..။

ပညာနိမ့်သွားတဲ့အခါ ပတ်၀န်းကျင်နိုင်ငံက အစစ အရာရာ အနိုင်ကျင့်သမျှ ခံရတော့တာပဲ.. ဘယ်လောက် နာကျင်ဖို့ကောင်းလဲ..။ကျွန်တော့်တပည့် လယ်သမား တစ်ယောက် ကိုရီးယားကိုသွားတယ်..။ သူ့မှာလယ်ပိုင် ၁၀ ဧကရှိပါတယ်..။ အဲဒါကို အငှါးချပြီး ကိုရီးယားသွားတော့လည်း ဟိုမှာ စိုက်ပျိုးရေးပဲ လုပ်ရတာတဲ့..။ တစ်လကို သိန်း ၂၀ ကျော် အိမ်ပြန်ပို့နေတဲ့သူ့ကို ကျွန်တော်က ဖုန်းဆက်တဲ့အခါ စပ်စုတယ်..

“မင်း အဲဒီမှာ လယ်လုပ်ရတာ ပင်ပန်းလားကွ..”

“မပင်ပန်းပါဘူး အကို..ချမ်းတာပဲ ရှိတယ်..”

“မင်းတို့သူဌေးက လယ်ဘယ်နှစ်ဧကရှိလဲ..”

“ငါး ဧကလောက်ရှိမယ်..”

“ဟေ..လယ်လေး ၅ ဧကနဲ့ မင်းကို တစ်လ သိန်း၃၀ လောက်ပေးနိုင်တယ်နော်..”

“ဟာ..အကိုကလည်း ကျွန်တော်တစ်ယောက်ထဲတောင် မဟုတ်ဘူး..အလုပ်သမား ၆ ယောက်လောက်ရှိသေးတယ်ဗျ..”

“ဟေ..”

တရုတ်နိုင်ငံကနေ လှလို့ဆိုပြီး ယူလာခဲ့တဲ့ ရွှေရောင် ခရုမျိုးစိတ်ဟာ မြန်မာပြည်မှာ စပါးပင်ကို အကြီးအကျယ်ဖျက်စီးတဲ့ ခရု ကပ်ရောဂါတစ်ခုဖြစ်သွားတယ်.။ ဂျပန်ကို မြန်မာပြည်က သစ်သီးတွေ ကုန်ကူးခွင့် မရှိဘူး.. ဘာဖြစ်လို့လည်းဆိုတော့ ဂျပန်မှာ သီးလုံးဖောက်ပိုး
မရှိလို့.. မြန်မာပြည်ကသစ်သီးတွေမှာ သီးလုံးဖောက်ပိုးပါလာရင် သူတို့တိုင်းပြည်က တစ်ခြားသီးနှံတွေကို
မျိုးပွားကုန်မှာစိုးလို့..။

အခုလည်း စင်္ကာပူမှာ မြန်မာပြည်က  ကြက်ဥ ဘဲဥတွေယူလို့မရ..။ ကိုယ့်ဆီက အဆီအနှစ်တွေ လုပ်အားတွေ  ကောင်းပေ့ဆိုတဲ့အရာတွေကိုကျတော့ ပေါ်တင်တစ်မျိုး ၊ ခိုးပြီးတစ်သွယ် ယူသွားကြလိုက်တာ.. သူတို့ဆီက ကောင်းတဲ့အရာတွေကျ ကိုယ်တွေက ပြန်ယူခွင့်မရှိ..။ သူတို့ဆီက မကောင်းမကန်းတွေကျ  ကိုယ့်ဆီ ဒလဟော၀င်လာလိုက်တာ.. ကိုယ့်ဆီက မကောင်းတာတွေကျ  သူတို့ဆီ၀င်လာမှာ အသေအလဲကာကွယ်..။

ဟား………. ဆက်မရေးချင်… ရေးနေရင်း ရင်နာရပါတယ်..။ အဖက်ဖက်က နိမ့်ပြီးကျန်ခဲ့တဲ့ ကျွန်တော်တို့နိုင်ငံ ရှေ့လည်း တိုးတက်ဖို့ရာလည်း လမ်းမမြင်သေး..။ သူများ အနိုင်ကျင့်သမျှသာ လူးလိမ့်နေအောင် ခံနေရတယ်

ကိုစိုးထိုက် (ဖဒို)


ဒီညီလေး ကိုစိုးထိုက် ရေးထားတာလေး မြင်ရတော့ လယ်ယာစိုက်ပျိုးရေး ဝန်ကြီးတဦးရဲ့ တာဝန် ဘယ်လောက်အရေးကြီးသလဲဆိုတာ မိတ်ဆွေတို့ မြင်နိုင်မှာပါ လယ်ယာစိုက်ပျိုးရေး ကဏ္ဏဟာ နိုင်ငံအတွက် အဓိက ပြည်ပဝင်ငွေ ရှာပေးနိုင်တဲ့ သဘာဝက မြန်မာကို ပေးထားတဲ့ အထူးအခွင့်အရေးပါ

နည်းပညာ ဖြန့်ဝေပေးနိုင်မူ့ ငွေကြေးထောက်ပံ့ပေးနိုင်မူ့ စနစ်ကျသော ရိတ်သိမ်းထုပ်ပိုးမူ့ ဈေးကွက်ရှာဖွေရေး ဘက်ပေါင်းစုံ အရေးကြီးပါတယ်  ပုဂ္ဂလိက လုပ်ငန်းရှင်တချို့က စွန့်စားစွာ ဒီကဏ္ဏမှာ ကြိုးစားနေကြပေမဲ့ ပံ့ပိုးပေးရမဲ့ အစိုးရဖက်က ရှေးရိုးစွဲ ပုံသေနည်းတွေကနေ ဖောက်ထွက်မပေးနိုင်သေးပါ ဥပမာ စပါးစိုက်သုမှ တပါး ဖရဲ သခွါး သရက်ခြံပိုင်ရှင်တွေ ငွေချေးလို့မရ လီလီပန်း စိုက်ပီး ပြည်ပသွင်းကုန်လျော့နိုင်အောင်ကြိုးစားနေသူ ကိုလွင်မိုးတို့လို လူတွေ ငွေချေးခွင့် ဘောင်မဝင် ယူကလစ်ပင်တစ်သျူးကာချာ အမျိုးအစားစိုက်ကာ ပြည်ပတင်ပို့နေသူ ဂရိတ်ဝေါဦးတင်မောင်လို လူမျိုး ယူကလစ်လုပ်ငန်းကိုပြ ငွေချေးလို့ ရမရ မေးကြည့်လိုက်စမ်းပါ

သရက်သီးကို ထောပတ်သီးကို ဂျင်းကို ပြည်ပတခြားနိုင်ငံတွေကို အဆင့်မြင့်နည်းပညာနဲ့ ပို့ဖို့ကြိုးစားနေသူ NT star group တို့လို အဖွဲ့မျိုးတွေ အစိုးရချေးငွေများ ရသလား မေးကြည့်စမ်းပါဒီလိုလူတွေကိုယ်မှ အစိုးရက မကူညီပေးရင် ခေတ်နောက်ကျနေဆဲပါပဲ ဒါကြောင့် အခုလာမဲ့အစိုးရသစ်မှာ လယ်ယာစိုက်ပျိုးရေး ပြည်ထောင်စုဝန်ကြီးနေရာဟာ အလွန် အင်မတန် အရေးကြီးပါတယ် တိုင်းပြည်တိုးတက်မူ့ အနှစ် ၂၀ ရည်မှန်းချက်ထားရင် လည်ဆည်ဝန်ကြီးဟာ နံပါတ်(၁) အရေးပါဆုံး လူသားပါပဲ

AKS NY
Credit

Be the first to comment

Leave a Reply

Your email address will not be published.


*