ယာဉ်ကြောပိတ် ဆို့လွန်း တာ ကို ဖြေရှင်း ဖို့ ကိုယ်ပိုင် ရဟတ်ယာဉ်တည်ဆောက် ခဲ့သူ

လူဦးရေသိပ်သည်ဆများပြားလွန်းတဲ့ အပြင် စီးပွားရေးအပြိုင် အဆိုင်တိုးချဲ့လာခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးတစ်ခုဖြစ်တဲ့ ယာဉ်ကြောပိတ်ဆို့မှုတွေဟာ မြို့တော်နေ လက်လုပ်၊လက်စားလူတန်းစားတွေအတွက် တနေ့တခြားကြီးမားတဲ့ ပြဿနာအဖြစ် ရှိနေခဲ့တာပါ။

ဒီအခက်အခဲကိုတော့ အင်ဒိုနှးရှားနိုင်ငံ၊ အနောက်ဂျာဗားပြည်နယ် SUKABUMI မြို့က အသက်(၄၂)နှစ်အရွယ် Jujun Junaedi ဆိုသူက ကိုယ်ပိုင်ရဟတ်ယာဉ်တီထွင်ပြီး ဖြေရှင်းဖို့ကြိုးစားခဲ့ပါတယ်။ Jujun Junaedi ဟာ သူရဲ့အားလပ်ချိန် အတော်များများကို ရဟတ်ယာဉ် ဆောက်လုပ်တဲ့လုပ်ငန်းမှာသာ မြုပ်နှံခဲ့ပြီး ရဟတ်ယာဉ်အတွက် လိုအပ်တဲ့ တည်ဆောက်မှုတွေ ကိုတော့ အွန်လိုင်းVideo တွေကိုကြည့်ရှုပြီး ပြုလုပ်ခဲ့တာလို့ သိရပါတယ်။

သူဟာငယ်စဉ် ကတည်းက သူရဲ့မွေးရပ်မြေဖြစ်တဲ့ Sukabumi မြို့ရဲ့လမ်းတွေ ကို ဝေဟင်ကနေ ဖြတ်သန်းဖို့ အမြဲအိမ်မက်မက်ခဲ့သူလည်းဖြစ်ပါတယ်။ အရွယ်ရောက်ချိန်မှာတော့ Jujun Junaedi ဟာဝမ်းရေးအတွက် ရုန်းကန်ရင်းသူရည်ရွယ် ချက်ကိုမေ့ပစ်ခဲ့ရပြီး အသက်(၄၀)ကျော်ရောက်ချိန်မှသာ ပြန်လည်အကောင်အထည် ဖော်နိုင်ခဲ့တာဖြစ်ပါတယ်။ သူဟာနေရပ်နဲ့ မိုင်(၇၀)လောက်ဝေးတဲ့ ဂျာကာတာတောင်ပိုင်းကို နေ့စဉ် အလုပ်ဆင်းနေရတဲ့ ပုံမှန်ခရီးဝေးအလုပ်ဆင်းနေရသူဖြစ်ပြီး တနေ့တခြား ဆိုးရွားလာတဲ့ ယာဉ်ကြောပိတ်ဆို့မှုတွေနဲ့ ကြုံတွေ့ရချိန်မှာတော့ သူရဲ့အိမ်မက်ကို အကောင်အထည်ဖော်ဖို့ ရဟတ်ယာဉ်တစ်စီးတည်ဆောက်ဖို့အကြောင်းဖန်လာခဲ့ပါ တယ်။အမှန်ဆိုရင် သူအိမ်မက်ဟာ အကောင်အထည်ဖော်ဖို့မလွယ်ကူပေမယ့် တိုးတက်လာတဲ့ နည်းပညာခေတ်နဲ့အတူ အွန်လိုင်းပေါ်က ရဟတ်ယာဉ် တည်ဆောက်ပုံမူကြမ်း နည်းလမ်းတွေကို လိုက်လံတုပရာမှ ယခုလိုရဟတ်ယာဉ်တစ်စီးဖြစ်လာရခြင်းဖြစ်ပါ တယ်။ ရဟတ်ယာဉ်အတွက် လိုအပ်တဲ့ စက်ပစ္စည်းတွေကိုတော့ သူဝင်ငွေနဲ့တိုင်းတာပြီး တဖြည်းဖြည်းစုစည်းခဲ့ရတာဖြစ်တယ်လို့သိရပြီး ရဟတ်ယာဉ်တစ်စီးလုံးအတွက် ကုန်ကျစရိတ်ကတော့ အမေရိကန်ဒေါ်လာ (၂၁၀၀)နီးပါးရှိတယ်လို့သိရပါတယ်။

Jujun Junaedi ဟာ သူရဲ့ကိုယ်ပိုင် ရဟတ်ယာဉ်တည်ဆောက်မှုကို (၁၈)လကြာအောင် အချိန်ပေးခဲ့ရပြီး သူရဲ့သားငယ်နဲ့ အိမ်နီးချင်းတစ်ဦးကနေ သူရဲ့(၂၆)ပေလောက်ရှည်လျားတဲ့ ရဟတ်ယာဉ်စီမံကိန်းမှာဝိုင်းဝန်းကူညီပေးခဲ့ကြပါတယ်။ Jujun Junaedi ဟာ ရဟတ် ယာဉ်အင်ဂျင် ကိုတော့ ဓာတ်ဆီအင်ဂျင်ကိုအသုံးပြုမယ် လို့ဆိုထားပါ။သူရဲ့ရဟတ်ယာဉ် အင်ဂျင်ဟာ 24 pk metric horsepower အားရှိမယ်လို့သိရပြီး တစ်မိနစ်အင်ဂျင်လည် နှုန်း (၃၆၀၀)ရှိတဲ့ (၇၀၀)ကုဗင်တီမီတာရှိ တဲ့အင်ဂျင်ဖြစ်မယ်လို့ဆိုထားပါတယ်။ 1pk ဟာ (၇၅) kg ကိုသယ်ဆောင်နိုင်မှာဖြစ်တဲ့အတွက် သူသုံးထားတဲ့ 24 Pk ကြောင့် Jujun Junaedi ရဲ့ရဟတ်ယာဉ်ဟာ အလေးချိန်(၁.၇)တန်ကို သယ်ဆောင်ပျံသန်းနိုင်မယ်လို့ သိရပါတယ်။Jujun Junaedi က “ကျွန်တော်တို့ရဲ့အချိန်တော်တော်များများဟာ ကားပေါ်မှာပဲကုန်ဆုံး နေရတာဟာ အတော်ကိုဆိုးပါတယ်။ ဒီမှာက အဓိကလမ်းမကြီးတွေ မပြောနဲ့ ဖြတ်လမ်း တွေအားလုံးလည်း ကားပိတ်နေကျပါ။ ဘယ်နေရာ ကိုသွားသွား အခက်အခဲရှိနေတဲ့ အဖြစ်က ရေရှည်မှာ အဆင်မပြေပါဘူး။ ဒါကြောင့်ငယ်စဉ်တည်းက ကျွန်တော် အိမ်မက်ကို အကောင် အထည်ဖော်ခဲ့ပါတယ်။ ကျွန်တော်လေကြောင်းခရီးကနေ အလုပ်သွားပြီး ယာဉ်ကြောပိတ်ဆို့မှုကို ကျော်ဖြတ်မယ်ဗျာ။ ခုဆိုရင် တည်ဆောက် မှုပြီးစီးသွားတဲ့ ရဟတ်ယာဉ်ကို ကြည့်ရတာနဲ့တင် ကျွန်တော်တော့ ဂုဏ်ယူမဆုံးဖြစ်ရပါတယ် လုပ်စရာ တွေတော့ကျန်ပါသေးတယ်” လို့ ဒေသ မီဒီယာတစ်ခုနဲ့တွေ့ဆုံချိန်မှာ Jujun Junaedi က ပြောဆိုခဲ့ပါတယ်။

ကမ္ဘာပေါ်မှာ Jujun Junaedi လို သာမန်အရပ်သား တစ်ယောက်က ကိုယ်ပိုင်အတွေးအမြင် နဲ့ကောင်းကင်ပေါ်ပျံတက်ဖို့ကြိုးစားခဲ့တာဟာ ပထမဆုံးအကြိမ်တော့မဟုတ်ပါဘူး။ လွန်ခဲ့တဲ့(၂)နှစ်တာကာလတုန်းကဆိုရင် တောင်အာဖရိကနိုင်ငံသားတစ်ဦးဟာ အ မြှောင်းပုံသဏ္ဍာန်ဖော်ထားတဲ့ သံပြားတွေနဲ့ ရဲရဟတ်ယာဉ်ပုံတူတစ်ခု အဖြစ်တီထွင်ဖို့ ဖန်တီးခဲ့သလို (၂၀၁၆)ခုနှစ်အတွင်းကလည်း တရုတ်လယ်သမားတစ်ယောက်ဟာ သူရဲ့ကိုယ်ပိုင်ရဟတ်ယာဉ်တစ်စီးကို (၃)နှစ်ကြာလောက် အချိန်ပေးတည်ဆောက်ခဲ့ တဲ့ဖြစ်စဉ်တွေလည်းရှိသလို ကမာ့္ဘနေရာ အသီသီးက အရပ်သားစွန့်ဦးတီထွင်သူများစွာ ရဲ့ အကြောင်းအရာဇာတ်လမ်းတွေလည်း အများအပြားကိုရှိနေနို င်ပါသေးတယ်။ ကျွန်တော်တို့မြန်မာနိုင်ငံမှာလည်း လွန်ခဲ့တဲ့ ၂နှစ်က အလားတူဖြစ်ရပ်မျိုးပေါ်ပေါက်ခဲ့ဖူးပါတယ်။

ယခုချိန်ထိတော့ Jujun Junaedi ရဲ့ရဟတ်ယာဉ်ဟာ ကောင်းကင်ကိုပျံတက်နိုင်တဲ့ အနေအထားမရှိသေးပဲ အကြမ်း ထည်တည်ဆောက်မှု အပြီးသတ်သာ ရှိနေပါသေးတယ်။ အကြောင်းကတော့ ရဟတ်ယာဉ်ရဲ့အင်ဂျင်နဲ့ ပန်ကာအပါအဝင် နည်းပညာဆိုင်ရာ ပစ္စည်းအချို့ကို ယခုတိုင်ဝယ်ယူဖို့ ငွေစုနေရဆဲ ဖြစ်နေလို့ဖြစ်ပါတယ်။ ဒီအကြောင်းကိုဖောက်သည်ချခဲ့သူကတော့ Jujun Junaedi ရဲ့ အမျိုးသမီး Yeti ဖြစ်ပြီး ဒီရဟတ်ယာဉ်မပြီးသရွေ သူတို့မိသားစု အနေနဲ့ အစားအသောက်ပါခြိုးခြံရ မဲ့အခြေအနေရှိနေတယ်လို့ဆိုပါတယ်။ ဒါပေမဲ့ သူမတို့မိသားစု အားလုံးကတော့ အိမ်ထောင်ဦးစီး Jujun Junaedi ကိုယုံကြည်မှု အပြည့်ရှိကြောင်း AFP သတင်းဌာနကို ထုတ်ဖော်ပြောဆိုထားပါတယ်။

အမှန်ဆိုရင် Jujun Junaedi ရဲ့ကောင်းကင်ကို ပျံတက် မဲ့စီမံကိန်းဟာ သူကိုယ်ပိုင်ဆုံး ဖြတ်ချက်တစ်ခုနဲ့ ဆောင်ရွက်လို့ရတဲ့ ကိစ္စလို့ သူကိုယ်တိုင်ထင်နေပုံပါ။ ဒီအတွက် အင်ဒိုနီးရှား လေကြောင်းနည်းပညာဌာနက သတင်းအချက်အလက်တစုံတရာထုတ် ပြန်တာမျိုးမရှိခဲ့ပါဘူး။ Jujun Junaedi ရဲ့ရဟတ်ယာဉ်ဟာ ကောင်းကင်ကိုအမှန်ပျံတက် ဖို့ဆိုရာမှတော့ ဒေသခံအုပ်ချုုပ်ရေးအဖွဲ့ရဲ့ ခွင့်ပြုမိန့်လိုသလို နည်းပညာ ပိုင်းအရပါခိုင်မာ နေဖို့လည်း၊ ကျွမ်း ကျင်သူတွေရဲ့ စစ်ဆေးချက်တွေလည်း လိုအပ်နေပါသေးတယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*