ဇီးကွက်လို၁၈၀ဒီဂရီဦးခေါင်းလှည့်နိုင်တဲ့ ရာဘာလူသားကောင်လေး

အသက်၁၄နှစ်အရွယ်ရှိတဲ့ Sameer Khan ဟာဇီးကွက်တစ်ကောင်လိုမျိုး ခေါင်းကိုနောက်ပြန်လှည့်နိုင်တာကို The Sun သတင်းဌာနမှာဖော်ပြထားတာတွေ့ရှိရပါတယ်။ Sameer Khan ကသူ့ရဲ့ ကျော့ရိုးကိုအလွယ်တကူကွေးဆန့်နိုင်တဲ့ ပျော့ပြောင်းတဲ့ကိုယ်ခန္ဓာဖွဲ့စည်းပုံကိုအသုံးချပြီး ဟောလီးဝုဒ်သရဲကားတွေမှာ သရုပ်ဆောင်အဖြစ်ပါဝင်နိုင်ဖို့ စိတ်ကူးနေပါတယ်။


ဓာတ်ပုံတွေထဲမှာဆိုရင်တော့ Sameer Khan ဟာလုံးဝကို ၁၈၀ဒီဂရီအတိအကျဦးခေါင်းလှည့်နေနိုင်တာပါ။ ပါကစ္စတန်နိုင်ငံ ကရာချိမြို့သားဖြစ်တဲ့ Sameer Khan ဟာသရဲကားရုပ်ရှင်တွေထဲမှာ ပါဝင်နိုင်ဖို့ နေ့စဉ်လေ့ကျင့်ခန်းတွေလုပ်တယ်လို့ဆိုပါတယ်။


Sameer က “… ကျွန်တော်က ဟောလီးဝုဒ်သရဲကားထဲမှာ ဇာတ်ဆောင်ကခေါင်းကိုနောက်လှည့်ပြီး အနောက်ကိုလှည့်ကြည့်တာ တွေ့တယ်….ကျွန်တော်တော်တော်လေး သဘောကျသွားတယ်….အဲဒီအချိန်ကစပြီး လေ့ကျင့်ဖြစ်တာ…လနည်းနည်းပဲကြာတယ်… အခုလိုလုပ်နိုင်လာတာပဲ….. အမေကတွေ့တော့ရိုက်တယ်လေ….ထပ်မလုပ်ခိုင်းဘူး..ဇတ်ကျိုးမှာစိုးလို့ဆိုပြီးတော့…. ဒါပေမယ့် အချိန်ကြာလာတာတော့လဲ ကျွန်တော့်မှာ ဘုရားပေးတဲ့လက်ဆောင်ရှိတယ်ဆိုတာ အမေလဲသိသွားတယ်….. ” လို့ဆိုပါတယ်။


Sameer ကကျောင်းကထွက်ပြီးတော့ “Dangerous Boys” အမည်ရတဲ့ အကအဖွဲ့ထဲမှာ ပါနေပါတယ်။ Sameer ရဲ့ဖခင်ဖြစ်သူက အထည်အလိပ်စက်ရုံမှာအလုပ်လုပ်ပြီး တစ်နှစ်တည်းမှာနှစ်ကြိမ်တိုင်တိုင်နှလုံးရပ်ခဲ့တာကြောင့် အခုဆိုရင် Sameer ဟာအကနဲ့အသက်မွေးဝမ်းကြောင်းပြုပြီး မိသားစုကိုထောက်နေရပါတယ်။


တစ်ဦးတည်းသောသားဖြစ်တဲ့ Sameer ကဖျော်ဖြေပွဲတွေသွားတဲ့အခါမှာ ပွဲတစ်ပွဲကို ၆ပေါင်ကနေ ၁၀ပေါင် အထိရပါတယ်။ တလဆိုရင် ပေါင်၁၀၀ကနေ ၂၀၀အထိဝင်ငွေရှာနိုင်သူပါ။ Sameer က သားလိမ္မာတစ်ဦးဖြစ်တဲ့အပြင် ညီမ၄ယောက်ကိုလည်း ကျောင်းမထွက်ခိုင်းပဲ ရှာဖွေကျွေးမွေးနေသူဖြစ်ကြောင်းသိရပါတယ်။


Dangerous Boys ရဲ့အဖွဲ့ခေါင်းဆောင်ဖြစ်သူကတော့ Sameer ဦးခေါင်းလှည့်နိုင်တာကိုပထမဆုံးမြင်ရတဲ့အခါ အံ့အားသင့်ခဲ့တယ်လို့ဆိုပါတယ်။ Sameer ဟာ အလွန်အမင်းပျော့ပြောင်းလွန်းသူဖြစ်ပြီး သင့်တော်တဲ့လေ့ကျင့်မှုသာ ပေးနိုင်ခဲ့ရင် ထူးချွန်မည့်အကြောင်း အဖွဲ့ခေါင်းဆောင်က ဆိုခဲ့ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*