ဗိုင်းရပ်စ်ကူးစက်နိုင်တဲ့ အိမ်သာတွေကိုအသုံးပြုမယ့်အစား တခါသုံးဒိုက်ပါတွေဝတ်ဆင်ထားဖို့ လေကြောင်းဝန်ထမ်းတွေကို တိုက်တွန်းခဲ့တဲ့ တရုတ်လေကြောင်းအာဏာပိုင်များ

တရုတ်လေကြောင်းလိုင်းတွေရဲ့ ဝန်ထမ်းတွေဟာ လေကြောင်းပျံသန်းနေစဉ်အတွင်း လေယာဉ်အိမ်သာတွေကို အသုံးပြုမယ့်အစား တခါသုံးဒိုက်ပါ (Diaper) တွေကို အသုံးပြုသင့်တယ်လို့ အာဏာပိုင်တွေက အကြံပေးလိုက်ပါတယ်။ ဒါဟာ အိမ်သာကတဆင့် ကူးစက်နိုင်ချေရှိမှုကို လျှော့ချနိုင်မယ့် နည်းလမ်းဖြစ်တယ်လို့လည်း အာဏာပိုင်တွေက ယုံကြည်နေပါတယ်။

“လေယာဉ်ဝန်ထမ်းတွေအနေနဲ့ တစ်ခါသုံးဒိုက်ပါတွေကို ဝတ်ဆင်ဖို့ အကြံပေးချင်ပါတယ်၊ ဒါကို အသုံးပြုခြင်းအားဖြင့် အိမ်သာတွေကို အသုံးပြုမှုကနေ ရှောင်ရှားနိုင်မှာဖြစ်ပြီးတော့ ကူးစက်နိုင်ချေကိုလည်း လျော့ပါးစေမှာပါ” လို့ တရုတ်မြို့ပြလေကြောင်းညွှန်ကြားရေးရုံးက အကြံပြုခဲ့ကြောင်း RT သတင်းဌာနက ဖော်ပြခဲ့ပါတယ်။


ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးနဲ့ပတ်သက်ပြီး ထူးခြားဆန်းပြားတဲ့ အကြံပြုချက်တွေက ပုံမှန်အားဖြင့်ရှိနေခဲ့တာဖြစ်ပါတယ်။ လေယာဉ်အကူတွေအနေနဲ့ ဆေးဘက်ဆိုင်ရာအဆင့်မြင့်နှာခေါင်းစည်းများ၊ တစ်ခါသုံးရာဘာလက်အိတ်များ၊ အဝတ်အစားနဲ့ ဖိနပ်တွေကို ကာကွယ်ပေးနိုင်တဲ့ အကာအကွယ်ပစ္စည်းတွေကို ဝတ်ဆင်ဖို့လည်း အကြံပြုချက်ထဲမှာ ပါဝင်ခဲ့ပါတယ်။

လေကြောင်းလိုင်းတွေအတွက် ကူးစက်ရောဂါကြိုတင်ကာကွယ်ရေးနဲ့ ထိန်းချုပ်ရေး နည်းပညာလမ်းညွှန်ချက်များလို့ နာမည်ပေးထားတဲ့ အကြံပြုချက်တွေကို ပြီးခဲ့တဲ့လနှောင်းပိုင်းက တရုတ်ဘာသာနဲ့ ထုတ်ဝေခဲ့တာပါ။ အင်္ဂလိပ်ဘာသာနဲ့တော့ ကြာသပတေးနေ့က ထုတ်ဝေခဲ့တာဖြစ်ပြီး ဒိုက်ပါဝတ်ဆင်ဖို့ဆိုတဲ့အချက်က ပါဝင်နေခဲ့တာဖြစ်ပါတယ်။

လေယာဉ်မယ်တွေအနေနဲ့လည်း ခရီးသည်တွေ အိမ်သာအသုံးပြုဖို့ကို စနစ်တကျစီမံခန့်ခွဲဖို့လိုအပ်တယ်လို့လည်း အကြံပြုခဲ့ပါတယ်။ အိမ်သာအပြင်ဘက်မှာ တန်းစီစောင့်ဆိုင်းနေတာမျိုးတွေဖြစ်မလာအောင် တားဆီးဖို့ အမိန့်ထုတ်ပြန်ဖို့ လိုအပ်ကြောင်းလည်းဆိုခဲ့ပြီး ပထမအဆင့်ရှိတဲ့ အိမ်သာဟာ လေယာဉ်အမှုထမ်းတွေအတွက် သီးသန့်အသုံးပြုဖို့သတ်မှတ်သင့်ကြောင်းလည်း ဆိုပါတယ်။

လေကြောင်းလိုင်းရေချိုးခန်းတွေဟာ စက်ဆုပ်ရွံရှာဖွယ်ဖြစ်နေပြီး ပြသနာတွေကို ဖြစ်ပွားစေနိုင်တယ်လို့ သိပ္ပံပညာရှင်တွေကလည်း ထောက်ပြခဲ့ကြပါတယ်။ ဂျပန်လေကြောင်းလိုင်းတစ်ခုဖြစ်တဲ့ ANA ကတော့ ကိုင်တွယ်စရာမလိုတဲ့ အိမ်သာတံခါးကို တီထွင်ခဲ့ပြီး ဘိုးအင်းလေယာဉ်တွေကတော့ အိမ်သာအသုံးပြုနေစဉ်အတွင်းပိုးမွှားတွေကို တိုက်ဖျက်နိုင်တဲ့ ခရမ်းလွန်ရောင်ခြည်သုံးအိမ်သာတစ်ခုကို မူပိုင်ခွင့်ရထားဖို့ လျှောက်ထားကြောင်းလည်း သိရပါတယ်။
#therivernews

Be the first to comment

Leave a Reply

Your email address will not be published.


*