ကိုဗစ်ကြောင့် မသေ၊ ကိုဗစ် အကြောက်လွန်ရောဂါကြောင့် တမလွန်ရောက်သွားကြသူများ

“ကိုဗစ် အကြောက်လွန်ဒုက္ခနှင့် အန္တရာယ်များ” (ဖတ်ကြည်သင့်ပါတယ်)

ဒက်တော နဲ့ရေချိုး အသေဆိုးနဲ့သေ၊ ပိုးသတ်ဆေးအားကိုး အသေဆိုးနဲ့သေလို့ မပြောချင်ပေမယ့် မသေသင့်ဘဲ သေခဲ့ရပါပြီ။

ကျနော့်ရပ်ကွက်ထဲမှ ကျနော့်ဆီသူ့မြေးလေးလက်ဆွဲ ကွန်ပျူတာသင်ဖို့ လာအပ်၊ နောက်မြေးကလေးကို ခြောက်တန်းစာလေး ကြိုသင်ပေးဖို့လာအပ်ပေးပြီး နှစ်ပေါင်းများစွာ ခင်မင်ခဲ့သူ နယ်မှ အသက် ၇၀ အရွယ်ရှိ အမျိုးသမီးကြီး။ သူ့အစ်ကို ရောဂါသည်ကို ပြုစုစောင့်ရှောက်ပေးနေသူ။ သူ့တူမလေးနှင့် ကလေးပေါက်စနှစ်ယောက်ကို ကူညီပေးနေသူ။ အသက်ကြီးလို့ ထွေလီကာလီရောဂါလေးတွေရှိပေမယ့် မသေနိုင်သေးသူ။ ကိုဗစ် ကြောင့်မသေ၊ ကိုဗစ် အကြောက်လွန်လို့ သေရပါပကော။

အသက်ကြီးသူတွေ ကိုဗစ် ဖြစ်ရင် အသက်အန္တရာယ်ရှိတယ်လို့ ကြားထားတော့ သူ့တူမက ရေချိုးရင် အဆိုပါ ဒက်တောပိုးသတ်ဆေးလေး နည်းနည်းထည့် ချိုးခိုင်းသတဲ့။ ပိုးသေအောင်ပေါ့။ ဒက်တာ၊ အဆက်ပ်တော ဆိုတဲ့ ပိုးသတ်ဆေးက အိမ်သာ၊ ထွေးခံ၊ ဆီးအိုးစသည်တို့ကိုသာ တစ်စက် နှစ်စက် ထည့်ရတာမျိုး။

သိပ်ကို လိုအပ်လို့ လက်ဆေး ခြေဆေး အနာသန့်စင်ရင်တောင် ချက်ချင်း ရေနွေးအဖြူထည်နဲ့ ပြန်သန့်စင်ပစ်ရတာမျိုးပါ။ လူ့ခန္ဓာကိုယ်နဲ့ သိပ်မသုံးသင့်လို့ နားလည်ထားပါတယ်။ သုံးရင်လည်း ပြန်သန့်စင်ပေါ့။ အဲဒါ ဒီ ကိုဗစ် ကာလမှာ ဒက်တော ထည့်ပြီး ရေချိုးနေကျပေါ့။ ဖြစ်မယ့်နေ့မှာ လာကူပေးနေတဲ့ အမျိုးသမီးတစ်ယောက်ကို ရေချိုးဖို့ပြင်ပေးခိုင်းရင်း ဒက်တောလေး နည်းနည်း ထည့်ခိုင်းလိုက်သတဲ့။ ကြည့်ရတာ များသွားပုံရတယ်၊ ရေချိုးရုံမက ပါးစပ်ထဲထည့်၊ ပလုတ်ပါကျင်းလိုက်သတဲ့။ သွားပြီပေါ့၊ ဆေးရုံရောက်၊ ဆုံးပါးသွားသည်အထိ။ နောက်တစ်ရက်ကျ ရှိတဲ့လူနဲ့သြင်္ဂိုလ်။ ကိုဗစ် နဲ့ မသေ၊ ကိုဗစ် အကြောက်လွန်ပြီးတော့သေ။

နောက် စိတ်ရောဂါ၊ တစ်ချို့က ကိုယ့်ကိုယ်ကို ကြောက်တာ၊ အခန်းတံခါးပိတ်ပြီး ကိုယ့်အိမ်သားတောင် အဝင်မခံတော့ပဲ ကလိုရင်း၊ စပရစ် အထပ်ထပ်ဖြန်းနေတာ။ အဲဒီ့ ဆေးတွေ နှာခေါင်းထဲဝင်၊ အဲဒီ့ဆေးတွေဖြန်းထားတဲ့ လက်တွေနဲ့ မုန့်တွေ အစားအစာတွေ ကိုင်စား၊ ပါးစပ်ထဲဝင်။ အဆိပ်တွေပါ၊ ပိုးသတ်ဆေးတွေ ခန္ဓာကိုထဲ ဝင်နေတာ။

အဲဒီ့အထဲ ပိုဆိုးတာက နှာခေါင်းနဲ့ပါးစပ်ကိုဖုံးမယ့် Mask ကို ဟန်းဂျယ်စပရေး ဖြန်းပြီးမှ နှာခေါင်းနဲ့ပါးစပ်ကို အုပ်လိုက်တာ၊ အသက်ရှူတိုင်း ပိုးသတ်ဆေးတွေ အဆုတ်ထဲဝင်ပြီးပေါ့။ အကြိမ်ရေများလာရင် ပိုးသတ်ဆေး ယဉ်ပါးတာထက် ကျောက်ကပ်လိုရောဂါမျိုး ဖြစ်လာနိုင်တာပေါ့။ သွေးအဆိပ်ဖြစ်မယ့်ရောဂါမျိုး ဖြစ်လာနိုင်တာပေါ့။

တစ်ချို့က ကိုယ့်မိသားစုကိုပါ ဂရုစိုက်လွန် အစိုးရိမ်လွန်တာ၊ အပြင်က ပြန်လာရင် အိမ်ပေါက်ဝမှာ အကုန်ချွတ်၊ ဘယ်လောက်အေးအေး၊ ညဘက်ကြီး ဖြစ်ပါစေ၊ ရေချိုးသင့်တဲ့ အချိန်လား၊ မချိုးသင့်တဲ့ အချိန်လား၊ မစဉ်းစားတော့ဘဲ အတင်းချိုးခိုင်း၊ ခေါင်းလျှော်ခိုင်း။ ကျနော်တို့ မသိလိုက်ရဘဲ အပူရှပ် အဖျားဝင် ဦးနှောက်သွေးကြောပြတ် သေသွားတာတွေ ရှိမှာပါပဲ။ အခု ကျနော့်နားတင် ဆုံးသွားတဲ့ကိစ္စဆို ကျနော်တောင် ချက်ချင်း မသိရ။ အဝေးကသူများ ပိုဆိုးပေါ့။

ဈေးပြန်ရင် အသီးအနှံတွေရော အသားငါးတွေပါ ဆပ်ပြာနဲ့ဆေးသတဲ့၊ ဪ ဒုက္ခ။ နောက်တစ်မျိုးက စိတ်ရောဂါဖြစ်သွားပါပြီ။ အိမ်ထဲမှာ အကြောက်လွန်ပြီး ကိုယ့်ယောက်ျား၊ ကိုယ့်သားသမီးတောင် ပိုးရှိတယ်ထင်၊ သုံးပေမက ခြောက်ပေကွာနေရင်တောင် စိတ်မချသေး။ တစ်အိမ်ထဲမှာ တစ်ခန်းနဲ့မှာ နေရတာကို ပိုးကူးမယ်ချည်းထင်။

တစ်ခုခု ကိုင်မိရင် လက်ကို ရေနဲ့ဆေးမဆုံး၊ အကြိမ် ၃၀ လောက် ဆေးနေတာကို အားမရ။ ရေကို သုံးလေးငါးခါချိုး၊ ခေါင်းလျှော်၊ အသားတွေ ‌ပေါက်ပြဲမတတ် ကုတ်ခြစ်။ အဲဒါ စိတ်ရောဂါဖြစ်နေပါပြီ။ နောက်ဆုံး စိတ်ရောဂါဆရာဝန်နဲ့ ပြပြီး ကုရတဲ့အဆင့်ရောက်သွားပါပြီ။

အဲဒါ ကျနော်အထင်တော့ မပေါ့ဆသင့်သလို၊ အကြောက်လည်း မလွန်သင့်ပါဘူး။ သိထားရမယ့်၊ သတိထားရမယ့် အကြောင်းအချက်တွေကို သိထားပြီး သတိထားလိုက်ရင် အကြောက်လွန်စရာ မလိုတော့ပါဘူး။ တချို့က ကိုယ်ကိုယ်တိုင် ကြောက်ရုံမက တစ်ပါးသူကိုလည်း တအားခြောက်၊ တအားဆရာလုပ်တာကို။ ဆိုးကျိုးဖြစ်ခဲ့ရင် ကာယကံရှင်ပဲ ခံရတာပါ။

ကိုဗစ် မဖြစ်အောင် ကျန်းမာရေးစည်းကမ်းများနဲ့အညီ လက်ဆေး၊ Mask တပ်၊ ခြောက်ပေအကွာနေ၊ လူစုလူဝေးနဲ့ဆို သတိထား၊ ကျနော် သတိထားမိသလောက် ကိုယ့်လက်နဲ့ ကိုယ့်မျက်နှာကိုင်၊ ကိုယ်နှာခေါင်း မနှိုက်ရင်ကို မဖြစ်နိုင်ပါဘူး။ ကျန်တဲ့ရောဂါကမှ အလွယ်တကူ ဝင်လာနိုင်သေးတယ်။

စိတ်ပေါ့ပေါ့ပါးပါးနဲ့ ကျန်းမာ‌ရေးစည်းကမ်းများကို လိုက်နာပါ။ အမြဲတမ်း လိုက်နာကျင့်သုံးသွားရတော့မှာပါ။ New Normal Life Style ဆိုတာပေါ့။ မကြောက်ပါနဲ့၊ မခြောက်ပါနဲ့၊ မပေါ့ပါနဲ့၊ သတိကပ်ပြီး ပေါ့ပေါ့ပါးပါးနေပါမိတ်ဆွေတို့။

ကိုနွဲ့မြင့်သိန်း

Be the first to comment

Leave a Reply

Your email address will not be published.


*