လူအချင်းချင်း ခွဲခြားဆက်ဆံခံခဲ့ရတဲ့ ဇနီးအတွက် ရက်ပေါင်း ၄၀ ကြာအလုပ်လုပ်ပြီး ချစ်ကြောင်းသက်သေပြတဲ့ အမျိုးသား

ဒီအကြောင်းကိုဖတ်ပြီးတဲ့ မိတ်ဆွေများလည်း ဖတ်ပြီးလောက်ရောပေါ့။ အိန္ဒိယနိုင်ငံမှာဖြစ်ခဲ့တဲ့ ဖြစ်ရပ်ကလေးပါ။ ယနေ့ခေတ်မှာ ကမ္ဘာကြီးဟာ ပွင့်လင်းလာပါပြီ။ လူအချင်းချင်း ခွဲခြားခံရတယ်ဆိုတာ မရှိတော့ သလောက်ဖြစ်နေပေမယ့်အိန္ဒိယမှာတော့ ဇာတ်နိမ့်ဇာတ်မြင့် ခွဲခြားမှုတွေဟာ ယနေ့ထက်တိုင် ရှိနေတုန်းပါပဲ။ Maharashtraပြည်နယ်ရဲ့ အနောက်ပိုင်းက Kalembeshwarဆိုတဲ့ ရွာမှာဖြစ်ပွားခဲ့တာပါ။ Bapurao Tajne ရဲ့ဇနီးဖြစ်သူဟာ အဲဒီနေ့က အများသုံးရေတွင်းမှာရေသွားခပ်တဲ့အခါမှာ

ဇာတ်နိမ့်တွေမခပ်ရဆိုပြီး လူအများက နှင်ထုတ်ခြင်းကိုခံခဲ့ရပါတယ်။ ဒါကိုသိသွားတဲ့ ယောက်ျားဖြစ်သူဟာ သူအလွန်ချစ်ရတဲ့ ဇနီးရဲ့လိုအပ်ချက်ကို အံသြဖွယ်ဖြည့်ဆည်းပေးခဲ့ပါတယ်။ ဒါကတော့ ဇနီးသည်အတွက် ကိုယ်ပိုင်ရေတွင်းတူးပေးဖို့ပါ။

ရေတွင်းဆိုတာ စက်နဲ့တူးရင်တူးမတူးရင် အနည်းဆုံး လူ ၄ယောက် ၅ယောက်လောက်နဲ့ တူးမှအဆင်ပြေမယ့် အလုပ်ဖြစ်ပါတယ်။ ဒါပေမယ့် သူဟာသာမန်ဆင်းရဲတဲ့ အလုပ်သမားဖြစ်တာကြောင့် စက်နဲ့တူးဖို့ရော အခြားသူတွေကို ခေါ်တူးခိုင်းဖို့ရော ပိုက်ဆံမရှိပါဘူး။

ဒါကြောင့်ရေတွင်းကို တစ်ကိုယ်တော်တူးဖို့ ဆုံးဖြတ်ပြီး စတင်တူးပါတော့တယ်။တူးနေစဉ်မှာပဲ ဝမ်းရေးအတွက် နေ့စားအလုပ်ကို လုပ်ရပါသေးတယ်။ သူ့ရဲ့ပုံမှန်အလုပ်ကိုလုပ်ပြီး တစ်နေ့ကို ရေတွင်းတူးဖို့ ၆ နာရီ အချိန်ပေးခဲ့ပါတယ်။

အလုပ်မသွားခင် မနက် ၄ နာရီစောထပြီး ရေတွင်းကို တူးတယ်၊ အဲဒီနောက် အလုပ်ကိုသွားပြီး ညနေအလုပ်ပြန်တဲ့အချိန်မှာ ၂ နာရီထပ်တူးပါတယ်။ အဲဒီနေရာ တစ်ဝိုက်ဟာ ကျောက်ဆောင်တွေ အလွန်ထူထပ်တာကြောင့် စက်တွေနဲ့တူးရင်တောင် မလွယ်ကူပါဘူး။

ရွာသားတစ်ယောက်တစ်လေကတောင် သူ့ကိုမကူညီခဲ့ပါဘူး။ မဖြစ်နိုင်တာကိုလုပ်တဲ့ အရူးလို့တစ်ရွာလုံးရဲ့ လှောင်ပြောင်ရယ်မောခြင်းကို ခံရပါတယ်။ ရွာသားတွေတင်မက သူ့ဇနီးဖြစ်သူကိုယ်တိုင်တောင် မဖြစ်နိုင်တဲ့အရာဆိုပြီး

အစပိုင်းမှာ သူ့ကိုမကူညီပဲ နောက်ပိုင်းမှကူညီခဲ့တာပါ။ဘာပဲဖြစ်ဖြစ် Tajne ဇွဲမလျော့ခဲ့ပါဘူး။ ကျောက်မြေဖြစ်တဲ့အတွက် တူးရတာအလွန်ခက်ခဲခဲ့ပါတယ်။ ၁ပေအနက်ကိုရဖို့ ပျမ်းမျှအားဖြင့် ၃ရက်ခန့်တူးခဲ့ရပေမယ့်

ဇနီးဖြစ်သူအတွက် တစ်ရက်မနားဘဲ အစွမ်းကုန် ကြိုးစားတူးခဲ့ပါတယ်။ဒီလိုတူးခဲ့တာ ရက်ပေါင်း ၄၀ အထိပါပဲ။ ရက်ပေါင်း ၄၀ဆက်တိုက် မနားမနေတူးပြီးတဲ့အခါမှာတော့ သူ့ကြိုးစားမှု အောင်မြင်ခဲ့တယ်လို့ဆိုရမှာပါ။

၁၅ပေအနက်မှာ ရေကိုတွေ့ရှိခဲ့တဲ့ အတွက်ကြောင့်ဖြစ်ပါတယ်။ အဲဒီအနက်မှာမရလည်း ရတဲ့အနက်အထိ ဆက်တူးဦးမှာလို့ Tajne ကဆိုပါတယ်။ဇနီးဖြစ်သူအတွက် ကြိုးစားခဲ့တဲ့ Tajne ရဲ့ကြိုးပမ်းမှုဟာ နောက်ဆုံးမှာတော့ ၆ပေကျယ်ပြီး

၁၅ပေအနက်ရှိတဲ့ ရေတွင်းတစ်တွင်းကို ဖြစ်လာစေခဲ့ပါတယ်။ရေတွင်းဟာ ရေထွက်အလွန်ကောင်းတဲ့အတွက် သူတို့အတွက်အပြင် ပိုလျှံလျက်ရှိပါတယ်။ဒီနေရာမှာ Tajne ရဲ့လေးစားဖွယ် သဘောထားကို တွေ့ရပါတယ်။

သူတို့ကို နှိမ်တဲ့သူတွေနဲ့ မဖြစ်နိုင်ဘူးလို့ လှောင်ရယ်ခဲ့တဲ့ အနီးအနားက လူတွေကို သူ့ရဲ့ရေတွင်းမှာ ကြည်ကြည်ဖြူဖြူ ရေခပ်စေခဲ့တာပဲဖြစ်ပါတယ်။အခုချိန်မှာတော့ ဘယ်သူမှ သူ့ကိုလှောင်မရယ်နိုင်တော့ပဲ

သူ့ရဲ့ဇွဲနဲ့ လေးစားဖွယ်စိတ်ဓာတ်ကို တစ်ရွာလုံး အသိအမှတ် ပြုလိုက်ရပါတယ်။ ဇနီးဖြစ်သူဟာလည်း သူမကိုအလွန်ချစ်တဲ့ ခင်ပွန်းကြောင့် ရွာသူရွာသားတွေကြားမှာ ဂုဏ်တက်ခဲ့ရပါတော့တယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*