ဗိုက်ဆာလွန်းလို့ စက်ဘီးပေါ်ကနေ မုန့်လုသွားခဲ့တဲ့ တောဝက်ကြီး

တောဝက်တစ်ကောင်နဲ့ ရင်ဆိုင်တွေ့ကြုံဖို့ဆိုတာ အန ္တရာယ်များလွန်းပါတယ်။ ပြီးခဲ့တဲ့ စနေ တနင်္ဂနွေ ရက်သတ္တပတ်တုန်းက စက်ဘီးသမားအုပ်စုတစ်စုဟာ Pulau Ubin ကို သွားခဲ့ကြရင်း မမျှော်လင့်ဘဲ တောဝက်တစ်ကောင်နဲ့ ဆုံတွေ့ခဲ့တာကို asiaone သတင်းအရ သိရပါတယ်။

၎င်းတို့နဲ့ တောဝက်ရင်ဆိုင်ကြုံတွေ့ခဲ့ကြတဲ့ ဗီဒီယိုကိုတော့ အွန်လိုင်းပေါ်မှာ တွေ့ရပါတယ်။ ဗီဒီယိုထဲမှာတော့ တောဝက်တစ်ကောင်ဟာ အမျိုးသမီးတစ်ယောက်ရဲ့ စက်ဘီးခြင်းတောင်းထဲက မုန့်ကို လိုက်အနံ့ခံနေတာ ဖြစ်ပါတယ်။ အဆိုပါ အမျိုးသမီးက တောဝက်ကိုစက်ဘီးနဲ့ ကာထားခဲ့ပေမယ့် တောဝက်က မရရအောင် စက်ဘီးခြင်းထဲခေါင်းထိုးပြီး မုန့်ကိုယူဖို့ ကြိုးစားနေခဲ့တာပါ။

ဒါပေမဲ့အဆုံးမှာတော့ တောဝက်ဟာ မုန့်ထုပ်ကိုရအောင် နှုတ်သီးနဲ့ကော်ယူနိုင်ခဲ့ပါတယ်။ သူအထုပ်ဆွဲယူလိုက်တဲ့အခါမှာတော့ မုန့်ထုပ်ထဲက curry puff အချို့က မြေပြင်ပေါ်ကို ပြန့်ကြဲသွားခဲ့ပါသေးတယ်။ တောဝက်ဟာ အထုပ်ကိုဆွဲယူပြီးတဲ့နောက် တောထဲကိုတစ်ချိုးတည်း ပြေးဝင်သွားခဲ့တာဖြစ်ပါတယ်။

စက်ဘီးသမားအုပ်စုကတော့ တောဝက်ရဲ့အဖြစ်ကိုကြည့်ကာ ရယ်နေခဲ့ကြပါတယ်။ စက်ဘီးပိုင်ရှင်အမျိုးသမီးကတော့ တောဝက်ဟာ သူမခြင်းတောင်းထဲက မုန့်တွေကိုလိုချင်တာသိပေမယ့်လည်း သူဖယ်ဖို့ကြိုးစားတဲ့အချိန်မှာ နောက်ကျသွားပြီလို့ သူမရဲ့ဖေ့စ်ဘုတ်မှာရှင်းပြခဲ့ပါတယ်။ “တောဝက်နဲ့ အခုလိုတွေ့တာ ဒါပထမဆုံးအကြိမ်မဟုတ်ပါဘူး။ ကျွန်မက ကျွန်မစက်ဘီးကို အတားအဆီးလိုကာခဲ့ပြီး အေးအေးဆေးဆေးပဲနေခဲ့ပါတယ်။ တောဝက်ကိုလည်း အနာတရမဖြစ်စေချင်လို့ပါ။”

ဒါ့ပြင် တောဝက်ဟာ ဆာလောင်နေတာသာဖြစ်ပြီး လူတွေကိုရန်ပြုဖို့တော့ မကြိုးစားခဲ့ကြောင်းလည်း သူမက ပြောပြပါတယ်။ သူမရဲ့ပို့စ်ထဲမှာတော့ တောရိုင်းသတ္တဝါတွေဟာ အစားအသောက်တွေကို အနံ့ခံနိုင်စွမ်းရှိတာကြောင့် ဧည့်သည်တွေအနေနဲ့ ၎င်းတို့နဲ့အတူ အစားအသောက်တွေကို မယူဆောင်လာကြဖို့နဲ့ ယူဆောင်လာရင်လည်း သေချာထုပ်ပိုးကြဖို့တိုက်တွန်းသွားခဲ့ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*