တက္ကစီဒရိုင်ဘာ၊ ဆရာဝန်တဦးနဲ့ ပံ့သကူ ပစ်ရမယ့် တထောင်တန် နှစ်ရွက်

ပံ့သကူ


(၁) ပြည်လမ်းပေါ်က ဘတ်စကားမှတ်တိုင်တစ်ခုအလွန်ကလေးမှာ လူတစ်ယောက်က လက်ပြတားသည် ။ ကားကိုရပ်ပေးရင်း ” ဘယ်ကိုသွားမလို့လဲ ” မေးတော့ … ” တောင်ဥက္ကလာဆေးရုံ ” ဟုဖြေရင်း ရေးကြီးသုတ်ပြာနှင့် နောက်ခန်းတံခါးကိုဖွင့်ပြီး ကားပေါ်တက်လာသည် ။ ကားပေါ်ရောက်မှ ဈေးစကားစပြောလာသည် ။ “ဘယ်လောက်ပေးရမလဲခင်မျ ”
ကားဆရာစဉ်းစားသည် ။ ဒီလူတော်တော်အရေးကြီးနေပုံရသည် ။ ခပ်လတ်လတ်အဝတ်အစားနှင့် … လက်ထဲမှာလည်းကျောပိုးအိပ်တစ်လုံးသာပါလာသည် ။ တောင်ဥက္ကလာဆေးရုံကို ဆိုတော့ … လူနာရှင်ဖြစ်ပုံရသည် ။ အရေးကြီးနေပုံထောက်တော့ … တောင်းသလောက်ပေးမည့်သဘော ။ ကားဆရာစဉ်းစားသည် ။

မနက် ခြောက်နာရီလောက်ကတည်းက အုံနာဆီက ကားထုတ်လာခဲ့တာ ယခု ခုနှစ်နာရီခွဲနေပြီ ၊ ဈေးဦးမပေါက်သေး ။ ကပ်ရောဂါကာလမို့ လူတွေအသွားအလာသိပ်မရှိကြတော့ နေ့တွက်ကသိပ်မကိုက်ချင် ။ မနေ့ကလည်း အုံနာကြေးနှင့်ဆီဖိုးနှုတ်လိုက်တော့ အိမ်ကမိန်းမအတွက်ဈေးဖိုးတောင်မလောက်ငှချင် ။ တကယ်တန်းကတော့ ကမာရွတ်ကနေ တောင်ဥက္ကလာကို ပုံမှန်တက္ကစီကားခက ငါးထောင်ထက်မပိုသင့် ။ ကားဆရာ အရဲစွန့်တောင်းကြည့်မိသည် ။

“ခုနှစ်ထောင်လောက်တော့ပေးပါ” ခရီးသည်က တစ်ချက် ‘တွေ’ သွားသည် ။ ပြီးမှ စိတ်လျှော့လိုက်ဟန်ဖြင့် …”အိုကေ … ရပါတယ်ဗျာ” ပြောပြောဆိုဆို ကျောပိုးအိတ်ကို ဖွင့်လိုက်သည် ။ အတော်စိတ်မြန်တဲ့လူပါလား … ဟု ကားဆရာတွေးမိသည် ။ နောက်ကြည့်မှန်ထဲက သူ့လှုပ်ရှားမှုတွေကို ကားဆရာမြင်နေရသည် ။ အထဲကပိုက်ဆံအိတ်ကို ထုတ်သည် ။ မြင်ဖူးနေကျ ပိုက်ဆံအိတ်တွေနှင့် မတူ ။ အိတ်က လက်ကိုင်ကွင်းမပါ ၊ ခပ်ကြီးကြီး ၊ ခပ်ဖောင်းဖောင်း ။ ကားဆရာစိတ်ဝင်စားသွားသလို နဲနဲလည်းလန့်လာသည် ။ ကပ်ကာလခေတ်ကြီးကကောင်းတာမဟုတ် ။ လက်နက်တွေဘာတွေများလား …

ခရီးသည်က ပိုက်ဆံအိတ်ကိုဖွင့်ပြီး ငါးထောင်တန်တစ်ရွက်နှင့် တစ်ထောင်တန်နှစ်ရွက်ကိုထုတ်ပြီး ကားဆရာကို ပေးလိုက်သည် ။ ပိုက်ဆံလှမ်းယူရင်း အိတ်ထဲကပစ္စည်းကိုမြင်တော့ကားဆရာ အံ့သြသွားရသည် ။ ဆရာဝန်သုံး နားကြပ်တစ်လက် …

(၂) စိတ်အေးသွားရသောကားဆရာက ခရီးသည်ကိုနဲနဲစပ်စုကြည့်သည် ။ “ဆေးရုံသွားမှာဆိုတော့ အစက အစ်ကို့ကိုလူနာရှင်လို့ဘဲထင်လိုက်တာ ။ အစ်ကိုကကျန်းမာရေးဝန်ထမ်းလား ၊ ဆရာဝန်လား ” “ဟုတ်ကဲ့ … ” ခရီးသည်က ခပ်ဆိုင်းဆိုင်း ပြန်ဖြေသည် ။

“ဒီကာလမှာ အစ်ကိုတို့ကျန်းမာရေးဝန်ထမ်းတွေ အလုပ်သိပ်များတယ်နော်… အန္တရာယ်လည်းများလွန်းတယ် ” “ဟုတ်ကဲ့ … ” “ဒါနဲ့အစ်ကိုကနေ့တိုင်းအလုပ်ကို တက္ကစီနဲ့သွားရတာလား ” “တကယ်တော့ တောင်ဥက္ကလာဆေးရုံက ကျွန်တော့်ရဲ့ မိခင်ဌာနဆေးရုံ မဟုတ်ပါဘူး ။ လုပ်ငန်းလိုအပ်ချက်အရ ခေတ္တတွဲဖက်တာဝန်ချထားတာပါ ။ နေ့တိုင်းတော့ တက္ကစီဘယ်စီးနိုင်ပါ့မလဲဗျာ ၊ လောလောဆယ် ကျွန်တော်နေနေတဲ့ နေရာကနေ တောင်ဥက္ကလာဆေးရုံကို သွားရင်ဘတ်စ်ကားနှစ်ဆင့်စီးရတယ် ၊ အဲဒီအတွက်အချိန်အနည်းဆုံးတစ်နာရီ ပေးရတယ် ။ ဒီနေ့တော့ ကျွန်တော်နဲနဲနောက်ကျသွားလို့ တက္ကစီ စီးလိုက်ရတာပါ ။ အလုပ်က မနက်ရှစ်နာရီမှာ ဂျူတီချိန်းရမှာ ။ ကိုယ်နောက်ကျသွားရင် နှစ်ဆယ့်လေးနာရီဆက်တိုက်တာဝန်ကျထားတဲ့ နိုက်ဂျူတီသမားကို သိပ်အားနာဖို့ကောင်းပါတယ်”

အစ်ကို့အိမ်က ကမာရွတ်မှာမဟုတ်ဖူးလား ။ ပြီးတော့အစ်ကို့မှာ ကိုယ်ပိုင်ကားတွေဘာတွေမရှိဘူးလား ။ စိတ်မရှိပါနဲ့နော် ။ ဒီကာလမှာအစ်ကိုတို့အလုပ်နဲ့ အစ်ကိုတို့ဘဝကို ကျွန်တော်စိတ်ဝင်စားမိလို့ပါ ” ကားဆရာက နဲနဲပို၍ စပ်စုလိုက်သည် ။ ခရီးသည်က စိတ်ရှည်လက်ရှည် ဆက်ရှင်းပြသည် ။

“ရပါတယ်ဗျာ ။ ကျွန်တော့်အိမ်ကပန်းဘဲတန်းမှာ ၊ မိခင်ဌာနဆေးရုံက လမ်းမတော်မှာ ဆိုတော့ လမ်းလျှောက်သွားလိုက်ရုံပါဘဲ ။ ကားမလိုခဲ့ဘူးလေ ။ ဒါပေမယ့် ကပ်ရောဂါကာလမှာတော့ ကျွန်တော်တို့ကျန်းမာရေးဝန်ထမ်းအများစုဟာ ကိုယ်ကနေတစ်ဆင့် ကိုယ့်မိသားစုဝင်တွေကို ကူးစက်ခံရမှာစိုးလို့ ကိုယ့်မိသားစုနဲ့ကိုယ့်အိမ်တွေကိုစွန့်ခွာခဲ့ကြပါပြီ ။ ဌာနကစီစဉ်ပေးတဲ့ ကွန်ဒိုတွေ အိမ်ယာတွေမှာစုပြီးနေထိုင်ရင်း အလုပ်ခွင်ကိုဝင်နေကြပါတယ် ။ စားရေးသောက်ရေးကိစ္စကိုအလှူရှင်တွေက တာဝန်ယူပေးနေပြီး သွားလာရေးကိစ္စကတော့ တစ်ချို့နေရာတွေမှာ ဖယ်ရီရှိပေမယ့် တစ်ချို့နေရာတွေမှာတော့ ကိုယ့်အစီအစဉ်နဲ့ကိုယ် သွားလာကြရပါတယ်။ ကိုယ်ပိုင်ကားဆိုတာကတော့ ဆရာဝန်အတော်များများမှာ မိဘနဲ့မိသားစုက ဝယ်မပေးရင်ကိုယ်ပိုင်ဝင်ငွေနဲ့ ကားစီးနိုင်ဖို့ဆိုတာ ဘယ်ဖြစ်နိုင်ပါ့မလဲ ။ ဂျီပီကောင်းတဲ့နေရာမှာ နှစ်နှစ် သုံးနှစ်လောက် နေခွင့်ရတဲ့သူတစ်ချို့လောက်သာ ကိုယ်ပိုင်ဝင်ငွေနဲ့ ကိုယ်ပိုင်ကားဝယ်စီးနိုင်ကြတာ ။ ရန်ကုန်မှာတာဝန်ကျတဲ့ဆရာဝန်ငယ်အများစုကတော့ သာမန်အစိုးရဝန်ထမ်းတွေလိုဘဲ သွားရေးလာရေးအတွက် အများပြည်သူသုံးဘတ်စ်ကားတွေကိုဘဲ အားကိုးရတာပါ။

ကားဆရာနဲနဲတော့ ‘တွေ’ သွားသည် ။ “အစ်ကိုက … ဆေးခန်းတွေဘာတွေရော မထိုင်ဘူးလား ” “မြို့လည်ခေါင်မှာတော့ ဆေးခန်းကြီးတွေနဲ့အပြိုင် ဘယ်ဖွင့်လို့ရမှာလည်းဗျာ ။ ဆင်ခြေဖုံးနေရာမှာတော့ ဆေးခန်းသေးသေးကလေးဖွင့်ဖြစ်ခဲ့ပါတယ် ။ ကျွန်တော့်လို အထူးကုပေါက်စတစ်ယောက်အဖို့တော့ အထူးကုလိုဘယ်ကုလို့ရမှာလဲဗျာ ။ သာမန်ဂျီပီဆရာဝန်လိုဘဲ ဆေးထိုး သောက်ဆေးသုံးရက်စာပေး ၊ ကိုယ့်အတွက် နှစ်ထောင် သုံးထောင်ကျန်အောင်မနည်းလုပ်နေရာတာ ။ လူနာအများစုက ဆင်းရဲကြတယ်လေ ။
ကိုဗစ်ကာလ လော့ခ်ဒေါင်းတွေချချိန်ကတည်းက အဲဒီဆေးခန်းကလေးလဲ ပိတ်ထားရတာ ။ ခုတော့ … အစိုးရပေးတဲ့လစာတစ်ခုတည်းနဲ့ ရပ်တည်နေရတယ်လေ ” ကားဆရာ တကယ် ‘လေ’ သွားပြီ ။ ကိုယ့်မှာသာတက္ကစီဆွဲလို့အဆင်မပြေတာကို ဒုက္ခလို့ထင်နေတာ ။ လူတိုင်းမှာလည်း ကိုယ့်ထက်မလျှော့တဲ့ အခက်အခဲတွေနဲ့ပါလားလို့ ကိုယ်ချင်းစာမိလာသည် ။ အခက်အခဲဖြစ်နေသူအချင်းချင်မှာတောင်မှ ကိုယ်ကကိုယ့်မိသားစုအတွက်သာ ကြည့်သည့် အတ္တဆန်သောအခက်အခဲ ။ ခရီးသည်က အများအတွက်ပူပင်ကြောင့်ကြနေရသော ပရဟိတဆန်သည့်အခက်အခဲ ။ တစ်ထောင်တန်နှစ်ရွက်ကိုကြည့်ပြီး ကားဆရာ နဲနဲတော့ရှက်မိလာသည် ။
(၃) စကားကောင်းနေကြတာနှင့် တောင်ဥက္ကလာအမျိုးသမီးနှင့်ကလေးဆေးရုံနား ရောက်မှန်းမသိရောက်လာသည် ။ ” ဆရာ … ‘ ကာတိုလိပ် ‘ ဆေးရုံကိုပို့ပေးရမှာလား ” ” မဟုတ်ဖူးဗျ ၊ ဟိုဘက်ကအသစ်ဆောက်ထားတဲ့ ကိုဗစ် အထူးကုစင်တာကိုသွားမှာ ”

ကားဆရာ … လိပ်ပြာမလုံချင်တော့ ။ တစ်ထောင်တန်နှစ်ရွက်ကို လက်ကအလိုလို ပြန်ယူမိသွားသည် ။ ပြီးတော့ … “ဆောရီးပါဆရာ … သည်ခရီးက အမှန်တကယ် ငါးထောင်ထက် ပိုမယူသင့်တဲ့ ခရီးပါ ။ ကျွန်တော်လည်း ဒီရက်ပိုင်း ကားဆွဲလို့အဆင်မပြေတာနဲ့ ပိုတောင်းမိလိုက်တယ် ။ ဒီလိုအချိန်မှာ လူနာတွေအတွက် အချိန်လုပြေးလွှားနေရတဲ့ ဆရာ့လိုလူဆီက ပိုတောင်းမိတာ ကျွန်တော်ရှက်လည်းရှက်တယ် ၊ စိတ်မကောင်းလည်းဖြစ်မိတယ် ။ ဆရာကလည်းဈေးမဆစ်ဖူးနော် ၊ ဘာလို့မဆစ်တာလဲ ၊ ဆစ်ရင်ကျွန်တော်လျှော့ပေးမိမှာပါ ”
ခရီးသည်ဆရာဝန်က ကျယ်ပြန့်စွာပြုံးလာသည် ။ ” ကျွန်တော်တို့ဆရာဝန်တွေ ဆေးခန်းထိုင်တဲ့အခါ လာပြကြတဲ့လူနာတွေ ဈေးဆစ်ရိုးထုံးစံမရှိကြပါဘူး ။ တစ်ချို့တွေဆို ဆေးခန်းလာပြနိုင်ဖို့အတွက် ပေါင်နှံချေးငှားထုခွဲပြီးတောင် လာပြကြရရှာတာ ။ ဒါကိုသိတဲ့အတွက် ဆရာဝန်အများစုကလည်း ဆေးဖိုးအပြင် ပညာခအတွက်အလွန်အကျွံမယူမိအောင် သတိထားတတ်ကြပါတယ် ။ ဒါတောင်မှ တစ်ခါတစ်ရံ ပိုက်ဆံမလောက်တဲ့လူနာမျိုးတွေ ကြုံတွေ့တဲ့အခါ အရမ်းစိတ်မကောင်းဖြစ်ရပြီး ကိုယ့်ကိုယ်ကိုလည်း ရှက်မိခဲ့တဲ့အခါတွေ ရှိခဲ့ဖူးပါတယ် ။ ဒါတွေကိုနေ့တစ်ဒူဝကြုံတွေ့လာရတဲ့အခါ ကျွန်တော့်မှာ အကျင့်တစ်ခုဖြစ်လာခဲ့တယ် ။ ဈေးဝယ်တဲ့အခါဖြစ်ဖြစ် ခုလိုပိုက်ဆံပေးချေရတဲ့အခါမျိုးမှာဖြစ်ဖြစ် လူနာတွေအပေါ် ကိုယ်ချင်းစာမိပြီး တော်ရုံတန်ရုံဈေးဆစ်နေလေ့မရှိတော့ပါဘူး ”

ကားဆရာလက်ထဲက တစ်ထောင်တန်နှစ်ရွက် လွတ်ကျလုမတတ်ဖြစ်သွားသည် ။ ” ခွင့်လွှတ်ပါဆရာ … ကျွန်တော်ပိုယူမိတဲ့ငွေနှစ်ထောင်ကိုလည်း ပြန်ပေးပါရစေ ။ လက်ခံပေးပါ ” ” နေပါစေတော့ဗျာ ။ ခင်များမယူချင်တော့ရင်လည်း တကယ်လိုအပ်နေတဲ့သူတစ်ယောက်ယောက်ကို လှူလိုက်ပေါ့ ။ ဒါမှမဟုတ် ဒီည တန်ဆောင်မုန်းလပြည့်ညမဟုတ်လား ၊ ပံ့သကူပစ်လိုက်လို့ရမှာပါ ”
ပြောရင်းဆိုရင်း ဆေးရုံပေါ်တီကိုအောက်ရောက်လာသည် ။ ဆရာဝန်ကဆက်ပြောသည် ။ ” အားမနာပါနဲ့ ၊ စိတ်မကောင်းလည်းမဖြစ်ပါနဲ့ ၊ နောက်ဆို ကိုယ်ဒုက္ခရောက်လာချိန်မျိုးမှာ လူတစ်ဖက်သားရဲ့ ဒုက္ခနဲ့ အခက်အခဲကိုလည်း ကိုယ်ချင်းစာစိတ်နဲ့မြင်အောင်ကြည့်ပေးပြီး အဆင်ပြေအောင်ကူညီပေးလိုက်ပါ ။ ခင်များကိုယ်တိုင်လည်း အဆင်ပြေလာတာတွေ့ရပါလိမ့်မယ် ”

ခရီးသည်ကပြေရင်းဆိုရင်း ကျောပိုးအိပ်ကို ကောက်လွယ်လိုက်သည် ။ ပြန်မထည့်ဖြစ်တော့သောနားကြပ်ကို လည်မှာဆွဲလိုက်သည် ။ လက်ပတ်နာရီကို တစ်ချက်ငုံ့ကြည့်ပြီး ကားတံခါးကို ဖွင့်၍ ခပ်သုတ်သုတ်ဆင်းလိုက်သည် ။ ပြီးတော့ … အပေးအယူတွေ ၊ အရောင်းအဝယ်ကိစ္စ တွေ ၊ အကျိုးအမြတ်လုပ်ငန်းတွေမှာ ကြားရလေ့မရှိသောစကား ဖြင့်နှုတ်ဆက်သွားသည် …
“ကဲ … ခွင့်ပြုဦးဗျာ ၊ ကျေးဇူးတင်ပါတယ်” တစ်ထောင်တန်နှစ်ရွက်ကိုကိုင်ရင်း ကားဆရာကျန်ခဲ့သည် ။ နားကြပ်လည်ဆွဲခရီးသည်ကတော့ ဆေးရုံအဝင်ဝမှာ ကိုယ်ပိုင်ဘဝကို ထားခဲ့ပြီ ။ လက်ပတ်နာရီကို ငုံ့ကြည့်မိတော့ …နံနက် ရှစ်နာရီထိုးရန် … ငါးမိနစ်အလို … ။
Thein Lwin

Be the first to comment

Leave a Reply

Your email address will not be published.


*