ကိုရိုနာဗိုင်းရပ်စ်ဟာ အိန္ဒိယက စတင်ခဲ့တယ်လို့ တရုတ်သိပ္ပံပညာရှင်အဖွဲ့ စာတမ်းထုတ်ပြန်

ကိုရိုနာဗိုင်းရပ်စ်ဟာ အိန္ဒိယက စတင်ခဲ့တယ်လို့ တရုတ်သိပ္ပံပညာရှင်အဖွဲ့ စာတမ်းထုတ်ပြန်

ကိုရိုနာဗိုင်းရပ်စ်ရဲ့ မူလအစရင်းမြစ်ဟာ အိန္ဒိယနိုင်ငံကနေ စတင်ခဲ့တာဖြစ်တယ်လို့ တရုတ်သိပ္ပံပညာရှင်တွေက ပြောဆိုလိုက်ပါတယ်။ လေ့လာမှုတွေအရ ၂၀၁၉ နွေရာသီအတွင်း တူညီတဲ့ရေသောက်သုံးမှုကတဆင့် တိရိစ္ဆာန်တွေကနေ လူသားတွေဆီကို စတင်ကူးစက်ခဲ့တယ်လို့ဆိုခဲ့ပြီး ဝူဟန်မြို့ကို မရောက်ရှိခင်ကတည်းက ဖြစ်ပွားနေခဲ့ပြီလို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကတော့ ၂၀၁၉ ဒီဇင်ဘာလအတွင်းမှာ တရုတ်နိုင်ငံ၊ ဝူဟန်မြို့ကနေ စတင်ခဲ့တယ်လို့ လက်ရှိအချိန်ထိ လက်ခံယူဆထားကြတာဖြစ်ပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ဂလက်စကိုတက္ကသိုလ်က ကျွမ်းကျင်သူ ဒေးဗစ်ရောဘတ်ဆန်ကတော့ ဒီစာတမ်းဟာ တော်တော်လေးချွတ်ယွင်းချက်တွေရှိနေခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။ စာတမ်းမှာလည်း ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး နားလည်နိုင်စေဖို့အတွက် ဘာအကြောင်းအရာမှ ထပ်မံပါဝင်ခဲ့ခြင်းမရှိခဲ့ဘူးလို့လည်း ဝေဖန်ပြောဆိုခဲ့ပါတယ်။

ဒီအရင်ကလည်း အီတလီ နဲ့ အမေရိကန်တို့မှာ ဗိုင်းရပ်စ်စတင်ဖြစ်ပွားခဲ့တယ်လို့ တရုတ်ဘက်ကဆိုခဲ့ပြီး အခုအခါမှာတော့ အိန္ဒိယဖြစ်တယ်လို့ ပြောဆိုခဲ့ကာ နှစ်နိုင်ငံဆက်ဆံရေးတင်းမာနေတဲ့ သူတို့ကြားမှာ ပိုပြီးတော့ ဆိုးရွားတဲ့ ဆက်ဆံရေးတွေကို ဖြစ်ပေါ်လာစေနိုင်မှာလည်းဖြစ်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကလည်း တရုတ်မှာ ဗိုင်းရပ်စ်ရင်းမြစ်ကို ရှာဖွေနေပြီး သိပ္ပံနည်းကျ အထောက်အထားတွေအရတော့ ဝူဟန်ကနေ စတင်ခဲ့တယ်ဆိုတာကို ရှာဖွေတွေ့ရှိထားကြောင်း ဒေးလီးမေးလ်က ဖော်ပြခဲ့ပါတယ်။ အခုထုတ်ပြန်ခဲ့တဲ့ စာတမ်းမှာဆိုရင်တော့ တရုတ်သိပ္ပံအဖွဲ့ဟာ ဗိုင်းရပ်စ်ပြောင်းလဲပုံကို လေ့လာခဲ့ပြီး ဇစ်မြစ်ကို ခြေရာခံခဲ့ကြပါတယ်။ ဆဲလ်တွေလိုပဲ မျိုးပွားနိုင်တဲ့ ဗိုင်းရပ်စ်ဟာ ပြန်လည်ထုတ်လုပ်မှုဖြစ်စဉ်ကို ဖြစ်ပွားစေပြီး သူတို့ရဲ့ မျိုးပွားမှုတိုင်းကနေ သေးငယ်တဲ့ပြောင်းလဲမှုတွေကို ဖြစ်ပေါ်စေခဲ့ကြောင်းလည်း တွေ့ခဲ့ရပါတယ်။

ဒီအတွက်ကြောင့် ဗိုင်းရပ်စ်ရဲ့ မူလအစကိုရှာဖွေရာမှာ ဗီဇပြောင်းလဲမှုအပေါ် အခြေခံပြီး ရှာဖွေတွေ့ရှိမှုကို ဖြစ်နိုင်ချေရှိတဲ့ တွေ့ရှိချက်အဖြစ် သတ်မှတ်သင့်ကြောင်း သူတို့က ပြောဆိုခဲ့ပါတယ်။ ဒီနည်းစနစ်ကိုအသုံးမပြုဘဲ ဝူဟန်မှာတွေ့ရှိခဲ့တာက အစပြုတယ်လို့ သတ်မှတ်ခဲ့ရပြီး ဘင်္ဂလားဒေ့ရှ်၊ အမေရိကန်၊ ဂရိ၊ သြစတြေးလျ၊ အိန္ဒိယ၊ အီတလီ၊ ချက်၊ ရုရှား ဒါမှမဟုတ် ဆာဘီးယားတို့ကိုတော့ လျစ်လျူရှူခဲ့တယ်လို့ တရုတ်ဘက်က အပြစ်တင်ခဲ့ပါတယ်။

တရုတ်သိပ္ပံအဖွဲ့က ယူဆခဲ့ရာမှာတော့ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်တို့မှာ တွေ့ရှိရတဲ့ ဗိုင်းရပ်စ်ဟာ ဗီဇပြောင်းလဲမှုနည်းပါးပြီး အိမ်နီးချင်းတွေဖြစ်တာကြောင့် တူညီတဲ့ရေမြေသဘာဝကြောင့်ဖြစ်မယ်လို့ သုံးသပ်ခဲ့ကာ ဒီအချက်တွေက ဗိုင်းရပ်စ်စတင်ရာအရပ်ဖြစ်နိုင်တယ်ဆိုတာကို ညွှန်ပြနေကြောင်းဆိုခဲ့ပါတယ်။ ခန့်မှန်းမှုတွေအရ ဗိုင်းရပ်စ်ဟာ ပြောင်းလဲဖို့ အချိန်ဘယ်လောက်ရှိလဲဆိုတာကို ခန့်မှန်းခြင်းနဲ့ နမူနာတွေကို နှိုင်းယှဉ်ခြင်းတွေအရ ၂၀၁၉ ဇူလိုင် ဒါမှမဟုတ် သြဂုတ်မှာကတည်းက ပထမဆုံးဖြစ်ပေါ်နေခဲ့ပြီလို့ ဆိုပါတယ်။

“၂၀၁၉ မေလကနေ ဇွန်လအထိ အိန္ဒိယမြောက်ပိုင်း နဲ့ ပါကစ္စတန်မှာ အပူလှိုင်းက ဒုတိယအရှည်ကြာဆုံးအဖြစ် စံချိန်တင်ခဲ့တယ်၊ ဒါက ရေပြတ်လပ်မှုကို အကြီးအကျယ်ဖြစ်စေခဲ့ပြီး မျောက်လိုတိရိစ္ဆာန်တွေက ရေရဖို့အတွက် တိုက်ခိုက်နေခဲ့ ရပြီး ဒါက လူနဲ့ တိရိစ္ဆာန်တွေကြားမှာ ဆက်နွယ်စေနိုင်မှုကို တိုးပွားစေခဲ့တာပါ၊ အဲဒီကာလမှာပဲ တိရိစ္ဆာန်ကတဆင့် လူတွေကို ဗိုင်းရပ်စ်က စတင်ခဲ့တယ်လို့ ကျွန်တော်တို့ ယူဆပါတယ်” လို့ တရုတ်သိပ္ပံအဖွဲ့က ပြောဆိုခဲ့ပါတယ်။

အထောက်အထားတွေအဖြစ် သူတို့ဘက်က ထပ်ပြီးထောက်ပြခဲ့တာကတော့ အိန္ဒိယရဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ် ညံ့ဖျင်းခြင်း နဲ့ ဗိုင်းရပ်စ်ဒဏ်ကို ခံနိုင်ရည်ရှိတဲ့ လူငယ်တွေကြောင့် ရောဂါပိုးကို လပေါင်းများစွာ မတွေ့ရှိခဲ့ရတာလို့လည်း ဆိုခဲ့ပါတယ်။ အဲဒီကမှတဆင့် ဗိုင်းရပ်စ်က ဥရောပဘက်ကို ပျံ့နှံ့ခဲ့ပြီး တရုတ်ကို ခရီးသွားတွေ ဝင်ရောက်လာချိန်မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့မယ်လို့ ယူဆခဲ့ကြတာပါ။ ဒီတွေ့ရှိမှုတွေအပေါ်မှာ ကျွမ်းကျင်သူတွေကတော့ ဝေဖန်ခဲ့ကြပြီး စာတမ်းပြုစုသူတွေအနေနဲ့ အရေးကြီးတဲ့အရာတွေကို ထည့်သွင်းတွက်ချက်တာမျိုး မရှိဘူးလို့ ပြောဆိုခဲ့ကာ ဘက်လိုက်မှုတွေ ပါဝင်နေတယ်လို့ ပြန်လည်တုံ့ပြန်ခဲ့ကြပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*