ယမန်နေ့ညက ဖားကန့်-လုံးခင်း ကောင်းကင်ယံမှာ မြင်တွေ့ရတဲ့ တိမ်လှေကား

တိမ်လွှာ အထပ်ထပ်တွေ အကြောင်း

မိုးတိမ်ဆိုတာ ရေခိုးရေငွေ့တွေ စုပေါင်းဖွဲ့စည်းထားတဲ့ အစုအဖွဲ့တစ်ခုလို့ ဆိုနိုင်ပါတယ်။ နေရောင်ခြည်ကျရောက်မှုကြောင့် (တနည်း) အပူကြောင့် မြေပြင်ပေါ်ရှိ ရေများဟာ ငွေ့ရည်ဖွဲ့ပြီး ကောင်းကင်ကို တက်ပါတယ်။ အပေါ်ရောက်တော့ အေးခဲပြီး ရေပြန်ဖြစ်ခါ မိုးအဖြစ် တဖန်ရွာကျတတ်ပြန်ပါတယ်။ ကောင်းကင်ပေါ်တက်သွားတဲ့ ရေငွေ့များဟာ လေရဲ့ သယ်ဆောင်ရာကိုလည်း လိုက်ပါရွေ့လျားကြရပါတယ်။


ဒီလိုရွေ့လျားသွားလာတတ်တဲ့လေဟာ ကမ္ဘာကြီးကို ရာသီဥတု အမျိုးမျိုးအလီလီ ဖြစ်စေပြန်ပါတယ်။ အခုလို ဆောင်းရာသီအချိန်အခါမှာတော့ မြောက်ပြန်လေညှင်းများဟာ ဝင်ရိုးစွန်းဖက်က ရေခဲမှုန်များကို သယ်ဆောင်ပြီး တောင်ဘက်အရပ်ဆီကို တိုက်ခတ်ကြပါတယ်။ ဒီအချိန်မျိုးမှာ မြေပြင်အပူချိန် မြင့်လာခြင်းကြောင့် ရုတ်တရက် ဖြစ်ပေါ်လာတဲ့ ရေခိုးရေငွေ့များဟာ မြောက်ပြန်လေညှင်းများနဲ့ ရောနှောပြီး (တနည်း) အပူ-အအေး ရောယှက်ပြီး ပုံသဏ္ဍာန်ဆန်းတဲ့ အခုလို တိမ်တိုက်တွေ ဖြစ်လာကြပါတယ်။


ဒီလို တိမ်တွေကို ဖြစ်တည်တဲ့ အကွာအဝေးပေါ်မူတည်ပြီး အမြင့်ပိုင်း (Cirrus)၊ အလယ်ပိုင်း (Altostratus) နဲ့ အနိမ့်ပိုင်း (Stratus) တိမ်စိုင်တွေလို့ ခွဲခြားကြည့်နိုင်ပါတယ်။ ယခုပုံမှာပြထားတဲ့ တိမ်လွှာအထပ်ထပ်တွေဟာ မြေပြင်မှ ပေ ၆၀၀၀ နှင့် ၂၀၀၀၀ အကြားမှာ ဖြစ်တတ်လို့ အလယ်ပိုင်းကျသော တိမ်လွှာများ (Altostratus clouds) လို့ ဆိုနိုင်ပါတယ်။ ရေငွေ့ပါဝင်မှုနှုန်းများလေလေ ပိုပြီး ထင်ထင်ရှားရှားဖြစ်လေပါပဲ။ အမြင့်ပေ ၁၈၀၀၀ အထက်လောက်မှာ ဖြစ်ခဲ့လျှင်တော့ Cirrus cloud လို့ သတ်မှတ်ပါတယ်။


တိမ်တစ်ခုနဲ့ တစ်ခုကြားမှာ ‘ဟ’ နေရတာကတော့ Kelvin-Helmholtz instability ကြောင့်ဖြစ်ပါတယ်။ သဘောတရားကတော့ ရုတ်တရက်တက်လာတဲ့ လေပူများကြောင့် တိမ်ထဲက ရေဟာ အငွေ့ပျံပြီး အပေါ်တက်.. တိမ်ဖြစ်၊ အပေါ်မှာအေးနေတော့ ရေပြန်ဖြစ်ပြီး နိမ့်ဆင်းလာ၊ အောက်ဆင်းတော့ အငွေ့ပြန်ဖြစ် စသည်ဖြင့် ပြောင်းလဲမှုဖြစ်စဉ်များကြောင့် တိမ်တခုနှင့်တခု ကွာဟနေရခြင်းဖြစ်ပါတယ်။ အပူ နဲ့ အအေးကြားမှာ တည်ငြိမ်မှု မရှိခြင်းလို့ဆိုနိုင်ပါတယ်။

ဒီလို တိမ်လွှာအထပ်များဟာ ရာသီဥတု ပြောင်းလဲခြင်းကို ရည်ညွှန်းပါတယ်။ ပူရာကနေ အေးလာတော့မယ့် အရိပ်အယောင်ဖြစ်ပါတယ်။ နောက်တခုက အေးရမယ့်နေရာမှာ အပူတွေ ရှိနေခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။ မိုးအဖြစ်ရွာသွန်းလေ့ မရှိပေမယ့် မိုးတိမ်တောင်ဖြစ်စဉ်များနဲ့ နီးစပ်လျှင်တော့ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းများ ဖြစ်နိုင်ပါတယ်။ မိုးတိမ်များဟာ ရာသီဥတု ပြောင်းလဲမှုများကို ဖော်ပြပေးနိုင်တဲ့ အကောင်းဆုံး အမှတ်အသားများ ဖြစ်ကြပါတယ်။

မြန်မာနိုင်ငံမြောက်ဖက်ပိုင်းဒေသတွေမှာ အအေးပိုလာနိုင်ပါတယ်။အနာဂတ်ပညာရေးအတွက်..

သန့်ဦး (အာကာသနှင့် စကြဝဠာ သင်ထောက်ကူ)

Photo-Nelly Soe

Be the first to comment

Leave a Reply

Your email address will not be published.


*