ဖခင်ဖြစ်သူ လန်ချားသမားကြီး ကြောင့် ဘွဲ့ရရှိ တာပါလို့ ရဲရဲ ဝံ့ဝံ့ ထုတ်ဖော်ပြော ခဲ့တဲ့ကောင်မလေး

တစ်ခါတရံမှာ ငွေကြေးခက်ခဲမှုဟာ ပညာရေးအတွက် အနှောင့်အယှက် ဖြစ်စေ တတ်ပါတယ်။ ကမ္ဘာ တစ်ဝန်းလုံးမှာ ဆင်းရဲမွဲတေမှုကြောင့် ပညာမသင်နိုင်သူတွေ ဒုနဲ့ဒေပါပဲ။ ဥပမာဆိုရင် တစ်နေ့လုပ်မှ တစ်နေ့စား ရတဲ့ သူတွေဆိုရင် ပညာရေးအတွက် အချိန်မပေးနိုင်ကြပါဘူး။ ဒါပေမဲ့ ဖိလစ်ပိုင်နိုင်ငံက လန်ချားသမား တစ်ယောက် ရဲ့ သမီးဖြစ်သူ Sandra Estefani Ramos ကတော့ ဘွဲ့ရအောင်ယူပြီး အဲဒီလိုခက်ခဲတဲ့ဘဝကပဲ သူမအတွက် တွန်းအားတစ်ခုဖြစ်စေခဲ့ကြောင်း သက်သေပြလိုက်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံသူလေး ဆန်ဒရာဟာ သူ့မိသားစုက ငွေကြေးအခက်အခဲရှိနေပေမဲ့ လည်း ကောလိပ်ကနေ ဘွဲ့ရ အောင် ယူပြီး သူမရဲ့အိပ်မက်တွေကို အကောင်အထည်ဖော်ခဲ့ပါတယ်။ ဆန်ဒရာဟာ ဘွဲ့ကို ရိုးရိုးတန်းတန်း ရခဲ့ တာတောင် မဟုတ်ပါဘူး၊ ထူးချွန်စွာရရှိခဲ့တာပါ။ သူမဟာ ဖိလစ်ပိုင်နိုင်ငံက သိပ္ပံနဲ့နည်းပညာကောလိပ်တစ်ခု ဖြစ်တဲ့ Bicol State College of Applied Sciences and Technology (BISCAST) ကနေ magna cum laude လို့ ခေါ်တဲ့ ထူးချွန်လှတဲ့ ဂုဏ်ထူးနဲ့ ဘွဲ့ရခဲ့တာ ဖြစ်ပါတယ်။

ဆန်ဒရာဟာ အခုလိုဘွဲ့ရရှိခဲ့တာကြောင့် သူမရဲ့မိဘတွေကို အထူးသဖြင့် ဖခင်ဖြစ်သူ ကို ကျေးဇူးတင်ရုံနဲ့ မလုံလောက်ကြောင်း ဖွင့်ဟဝန်ခံခဲ့ပါတယ်။ သူမရဲ့ဖခင်ဟာ ရာထူးကြီးကြီးအလုပ်တစ်ခုကို လုပ်နေရ သူ မဟုတ်သလို ဝင်ငွေကောင်းကောင်း ရရှိနေသူလည်း မဟုတ်ပါဘူး။ ဒါပေမဲ့ ဆန်ဒရာဟာ သူမဖခင်ရဲ့ အလုပ်ကို ဖွင့်ဟဖို့ ဘယ်တော့မှ ရှက်ရွံ့ တုံ့ဆုတ်နေလေ့ မရှိပါဘူး။

လန်ချားမောင်းသမားတစ်ယောက်သာဖြစ်တဲ့ သူမဖခင်ဟာ ဆင်းရဲပေမဲ့လည်း မိသားစုတစ်ခုလုံးကို ပင်ပင်ပန်းပန်း ရှာဖွေကျွေးမွေနေသူ ဖြစ်ပါတယ်။ ဖခင်ဖြစ်သူရဲ့ အနစ်နာခံ၊ ပင်ပန်းဆင်းရဲခံမှုအတွက် ပြန်လည် ပေးဆပ်ဖို့ အတွက် သူမအနေနဲ့ ဘွဲ့ရအောင်ယူတာဟာ သူမဖခင်ကို ပေးနိုင်တဲ့ အကောင်းဆုံးနဲ့ အမှန်ကန်ဆုံး လက်ဆောင်ဖြစ်တယ်လို့ တွေးမိခဲ့ပါတယ်။

ဆန်ဒရာတစ်ယောက် ထူးထူးချွန်ချွန် ဘွဲ့ရရှိ ခဲ့တာကြောင့် သူမရဲ့ မိဘနှစ်ပါးလုံးဟာ မျက်ရည်ကျတဲ့အထိ ဝမ်းသာပီတိ ဖြစ်ခဲ့ကြတယ်လို့ သူမက ထုတ်ဖော်ပြောပြခဲ့ပါတယ်။ အခုဆိုရင် ဘွဲ့ရရှိသွားခဲ့ပြီဖြစ်တဲ့ ဆန်ဒရာ ဟာ နောင်တစ်ချိန်မှာ ကျောင်းဆရာမတစ်ယောက် ဖြစ်လာဖို့ ရည်ရွယ် ထားပါတယ်။ သေချာတာ ကတော့ ဆန်ဒရာဟာ သူမရဲ့မိဘတွေကို ပြန်လည်ထောက်ပံ့နိုင်တော့မှာ ဖြစ်ပြီး မိဘတွေအတွက် ဂုဏ်ယူစရာသမီး ရတနာဖြစ်အောင်လည်း ထပ်မံစွမ်းဆောင်နိုင်ဦး မှာပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*