အသက် ၃၀ မတိုင်ခင် ချမ်းသာချင်ရင် အသက် ၂၀ ကျော်မှာ ဒါတွေ လုပ်ပါ

လူတိုင်းဟာ ချမ်းသာကြွယ်ဝချင်ကြပါတယ်။ ဒါပေမယ့် တော်တော်များများဟာ ဒီအိပ်မက်ကို လက်တွေ့အကောင်အထည် မဖော်နိုင်ကြပါဘူး။ အကြောင်းကတော့ ချမ်းသာကြွယ်ဝခြင်းဆိုတာ တစ်နေ့နေ့ဆိုတဲ့ စိတ်ကူးယဉ်သက်သက်နဲ့ မရပဲ လက်တွေ့အကောင်အထည်ဖော်မှ ရတဲ့အရာဖြစ်နေလို့ပါပဲ။

ငယ်ရွယ်စဉ်မှာ ဒီအိပ်မက်ကိုလက်တွေ့ အကောင်အထည်ဖော်နိုင်လေလေ သူဌေးဖြစ်စောလေလေပါပဲ။ ဒါကြောင့် ချမ်းသာချင်သူတိုင်း လက်တွေ့ကျင့်သုံးသင့်တဲ့ ဘဝသော့ချက်လေးတွေကို မျှဝေပေးလိုက်ပါတယ်။

(၁) ဟိုရွှေ့သည်ရွှေ့မလုပ်ပါနဲ့

ဒီနေ့လုပ်လို့ရတဲ့အရာတစ်ခုကို မနက်ဖြန်မရွှေ့ပါနဲ့ဆိုတဲ့ စကားပုံအတိုင်းပဲ သင့်ရဲ့ အိပ်မက်တွေ၊ စိတ်ကူးတွေကို ချက်ချင်းအကောင်အထည်ဖော်ပါ။ အချိန်ဆွဲတာ၊ အချိန်ရွှေ့တာတွေဟာ သင့်ဘဝတက်လမ်းကို ပိတ်ပင်ဖို့ အကောင်းဆုံးသော လက်နက်တွေပါပဲ။

(၂) မှော်ဆန်တဲ့စိတ်ကူးတွေမယဉ်ပါနဲ့

အလုပ်တစ်ခုကိုစလိုက်ပြီဆိုတာနဲ့ ဝုန်းခနဲအောင်မြင်လိမ့်မယ်လို့ မမျှော်လင့်ပါနဲ့။ နည်းစနစ်ကျကျတွေးခေါ်ခြင်းကသာ သင့်ကိုချမ်းသာစေနိုင်ပါတယ်။ နည်းနည်းသုံး၊ များများစု၊ မှန်ကန်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေကသာလျှင် သင့်ကို တဖြည်းဖြည်းခြင်း ချမ်းသာလာစေမှာဖြစ်ပါတယ်။ ရှာနိုင်တဲ့ပမာဏထက်ပိုပြီး ဘယ်တော့မှ မသုံးပါနဲ့။

(၃) ငွေစုပါ

သင့်ဘဝမှာ ငွေစုတတ်ဖို့အရမ်းကိုအရေးကြီးပါတယ်။ လုပ်ချင်တာတစ်ခုခုရှိပြီဆိုရင် အဲ့ဒီ့အရာအတွက် သတ်သတ်မှတ်မှတ်ငွေစုပါ။ ဝင်ငွေ၊ ထွက်ငွေတွေကို ကောင်းမွန်စွာစိစစ်ပြီး ဘယ်နေရာမှာ ငွေကုန်ကြေးကျအများဆုံးလဲဆိုတာကို အမြဲတမ်းအကဲခတ်ပြီး လျှော့သင့်ရင်လျှော့ပါ။ ဒီနည်းလမ်းဟာ သင့်ကိုချမ်းသာစေမယ့် လျှို့ဝှက်ချက်တွေထဲက တစ်ခုဖြစ်ပါတယ်။

(၄) အကြွေးမထားပါနဲ့

အကြွေးဟာ သင့်အတွက် ဆူးညှောင့်ခလုတ်တွေပါပဲ။ ဒါကြောင့် တတ်နိုင်သမျှ အကြွေးမထားတာအကောင်းဆုံးပါပဲ။ မတတ်သာလို့ အကြွေးရှိခဲ့တယ်ဆိုရင်တော့ သင့်မှာဝင်ငွေရှိတာနဲ့ အဲ့ဒီ့အကြွေးတွေအားလုံးကို ကျေအောင်ဆပ်လိုက်ပါ။ မဟုတ်ရင် တစ်နေ့တခြားများပြားလာတဲ့အတိုးတွေက သင့်ကိုဆင်းရဲတွင်းထဲ ဆွဲချသွားနိုင်လို့ပါပဲ။

(၅) သင့်ကိုယ်သင်ရင်းနှီးမြှုပ်နှံပါ

သင်ဟာ သင့်ဘဝမှာ အရေးကြီးဆုံးဇာတ်လိုက်ပါပဲ။ ဒါကြောင့် သင့်ကိုယ်သင် ရင်းနှီးမြှုပ်နှံပါ။ ပညာအသစ်တွေဆည်းပူးပါ၊ သင့်ရဲ့ ကိုယ်ပိုင်အရည်အချင်းတွေကို ဖော်ထုတ်ပါ၊ အတွေ့အကြုံသစ်တွေကို ရှာဖွေပါ။ ဒါတွေအားလုံးဟာ သင့်ကိုချမ်းသာခြင်းဆီကို ခေါ်ဆောင်သွားမယ့် လှေခါးထစ်တွေပဲဖြစ်ပါတယ်။

(၆) တစ်နေရာထဲမှာပဲ ရပ်မနေပါနဲ့

အလုပ်တစ်ခုတည်းမှာပဲ သင့်ရဲ့အချိန်တွေ၊ စိတ်တွေအားလုံးကို နှစ်မထားသင့်ပါဘူး။ အခွင့်အရေးရရင်ရသလို အလုပ်လေးတွေကို တိုးချဲ့ပြီးလုပ်ကိုင်သင့်ပါတယ်။ ဘယ်အရာမှ တစ်သမတ်တည်းရှိမနေတဲ့အတွက် တစ်ခုအဆင်မပြေရင်တောင် တစ်ခုကအဆင်ပြေနေတာမျိုးဖြစ်နေဖို့အတွက် အလုပ်လေးတွေကို နိုင်သမျှလုပ်ပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*