ကော့သောင်းမြို့ ကမ်းနားရေပြင်ပေါ်မှာ ပန်းရောင်အကွက်ကြီးများ မျောပါနေ

အရောင်ထွက် အယ်လ်ဂျေး(Algae) တွေဖြစ်ပြီး ပထမဆုံးအကြိမ်ပေါ်လာတာဖြစ်တယ်လို့ သိရပါတယ်။

ကော့သောင်းမြို့ ကမ်းနားလမ်း ၊ ဘုရင့်နောင်အငူနဲ့ မြို့မတံတားကြားမှာ ကမ်းနားရေပြင်ပေါ်မှာ ပန်းနုရောင်အကွက်ကြီးတွေမျောပါနေပြီး ခဲနဲ့ပေါက်တဲ့အခါ အရောင်တွေ ဖြာထွက်လာတာကို ပြည်သူတွေက တွေ့မြင်ခဲ့ရတယ်လို့ သိရပါတယ်။

ဒါကြောင့် ပြည်သူတွေရဲ့ သတင်းပေးချက်အရ ကော့သောင်းခရိုင်ငါးလုပ်ငန်းဦးစီးဌာနက သွားရောက်စစ်ဆေးခဲ့ရာမှာ အရောင်ထွက် အယ်လ်ဂျေး (Algae) တွေဖြစ်ပြီး ပင်လယ်ရေအောက်မှာပဲ ရှိတတ်ကြတဲ့အမျိုးအစားဖြစ်တာကို စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ကော့သောင်းခရိုင် ငါးလုပ်ငန်းဦးစီးဌာနကနေ သိရပါတယ်။

“သူက အနုဇီဝရေမှော်ပင်တစ်မျိုးပေါ့ ။ ဒါပေမယ့် ဆရာတို့က ဒါကို ဓာတ်ခွဲမကြည့်တော့ ဘယ်လိုအယ်လ်ဂျေးမျိုးစားထဲကလဲ မသိရဘူး။

သူက သတ္တဝါအမျိုးအစားနဲ့ အပင်အမျိုးအစား ရှိတယ်။ ဒီလိုအရောင်ဖြာထွက်တယ်ဆိုတော့ သူက သတ္တဝါအမျိုးအစားထဲက ဖြစ်မယ်ထင်တယ် ။ ပိုးစုန်းကြူးလိုပေါ့။

နေရောင်ခြည်နဲ့အစာချက်တဲ့ သတ္တဝါလေးတွေ။ သူတို့က ရေအောက်မှာပဲနေတာ ။

ရေပေါ်တက်လာတယ်ဆိုတာတော့ ထူးခြားမှုတစ်ခုပဲ ။ပင်လယ်ရေအောက်မှာ ဘာများဖြစ်သလဲတော့ မသိဘူး ။

အခုဖြစ်တာလည်း မြစ်ဝပေါ့နော် ။ ဗစ်တိုးရီယားအငူနားမှာ ။ သူက မျောလာတာ ။ တစ်ပြင်လုံးလည်းမဟုတ်ဘဲ အကွက် အကွက်တွေနဲ့မျောလာတာ ။

ပင်လယ်ကြမ်းပြင်မှာ တစ်ခုခုဖြစ်လို့ တက်လာတယ်တော့ ထင်တာပဲ ဓာတ်ငွေ့ယိုစိမ့်မှု စသည်ဖြင့်ပေါ့။ ဒီလိုဖြစ်စဉ်မျိုးက ရှားတယ် ” လို့ ကော့သောင်းခရိုင် ငါးလုပ်ငန်းဦးစီးဌာန ၊ ခရိုင်ဦးစီးဌာနမှူး ဦးသန့်ဇင်ကပြောပါတယ်။

ဒီအယ်လ်ဂျေးတွေက လူတွေကို ထိခိုက်နိုင်ခြေမရှိသလို အခြားဂေဟစနစ်တစ်ခုလုံးကို ထိခိုက်နိုင်ခြေ မရှိပေမယ့် စမ်းသပ်ဖို့အတွက် နမူနာ ယူထားခဲ့ရာ အောက်စီဂျင်မရတဲ့အတွက် သေဆုံးသွားတာကြောင့် အရောင်ဖြာထွက်ခြင်းမရှိတော့ဘူးလို့ သိရပါတယ်။

ဒါ့အပြင်ဒီအယ်လ်ဂျေးတွေ ပေါ်မလာမီ သုံးရက်ဝန်းကျင်က ရေပေါ်ပေါ်လေ့မရှိတဲ့ ကျောက်ငါးတွေ ပေါ်လာတာကြောင့် အဲဒီအနီးတစ်ဝိုက်က ပြည်သူတွေဖမ်းယူစားသောက်ခဲ့ကြတယ်လို့လည်း သိရပါတယ်။

အဆိုပါ ပန်းနုရောင်အကွက်တွေကို နိုဝင်ဘာလ (၂၂)ရက်က စတင်တွေ့ရှိခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာတော့ ဘုရင့်နောင်တံတားအမှတ်(၂) ကမ်းဘက်ကိုမျောပြီး အရှေ့ဘက်ကနေ အနောက်ဘက်ကို ရေစီးနဲ့ ဆက်လက်မျောပါနေတယ်လို့ ကော့သောင်းခရိုင် ငါးလုပ်ငန်းဦးစီးဌာနကနေ သိရပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*