၂နှစ်ကြာ ပျောက်ဆုံးသွားပြီးမှ သခင်နဲ့ ပြန်လည်ဆုံစည်းခွင့်ရခဲ့တဲ့ ခွေးလေးရဲ့ ဖြစ်ရပ် (ရုပ်သံ)

၂နှစ်ကြာ ပျောက်ဆုံးသွားပြီးမှ သခင်နဲ့ ပြန်လည်ဆုံစည်းခွင့်ရခဲ့တဲ့ ခွေးလေးရဲ့ ဖြစ်ရပ်

ခွေးတွေဟာ စိတ်မှတ်သည်းခြေရှိသလို သခင်အပေါ်မှာလည်း သစ္စာအရှိဆုံး တိရစ္ဆာန်မျိုးပါ။ သူတို့ကို ကျွေးမွေးစောင့်ရှောက်ထားတဲ့ သူဆိုရင် ဘယ်တော့မှ မမေ့တတ်သလို ကိုယ့်သခင်ရဲ့ ကိုယ်နံ့ကိုလည်း စွဲစွဲမြဲမြဲမှတ်ထားတတ်ပါတယ်။ ဒါပေမဲ့ သခင်မဲ့နေတဲ့ လမ်းဘေး ခွေးလေခွေးလွှင့်တွေရဲ့ ဘဝကတော့ တကယ့်ကို ခက်ခဲကြမ်းတမ်းလှပါတယ်။ ကြုံရာလူကအစာကျွေး၊ ကြုံတဲ့နေရာမှာ အိပ်နဲ့ အခက်မသင့်ရင် လူအချို့ရဲ့ ညှင်းပန်းနှိပ်စက်ခြင်းကိုလည်း ခံရတတ်ပါတယ်။

ယခုလအစောပိုင်းက ယူကရိန်းမှာ ခွေးနဲ့ ပတ်သက်ပြီး ဝမ်းနည်း ကြည်နူးစရာ အဖြစ်အပျက်တစ်ချို့ ဖြစ်ပျက်ခဲ့ပါတယ်။ ယူကရိန်းနိုင်ငံက တိရိစ္ဆာန်စောင့်ရှောင်ရေး စေတနာ့ဝန်းထမ်းတွေဟာ တစ်နေ့မှာ အကူအညီမဲ့ပြီး နေမကောင်းဖြစ်နေတဲ့ ခွေးလေးတစ်ကောင်ကို တွေ့ခဲ့ရပါတယ်။ မျက်လုံးအပြာရောင်လေးနဲ့ ချစ်စရာခွေးအမျိုးအစားဖြစ်ပေမဲ့ သခင်မဲ့ပြီး လမ်းကြိုးလမ်းကြားမှာနေရတာကြောင့် သူ့ရဲ့ ပုံစံဟာ အိမ်းမွေးခွေးတစ်ကောင်နဲ့ မတူတော့ပါဘူး။

ဒါ့ကြောင့် စေတနာ့ဝန်ထမ်းတွေဟာ ခွေးလေးကို သူတို့ရဲ့ တိရိစ္ဆာန်စောင့်ရှောက်ရေး ဂေဟာကို ခေါ်ဆောင်သွားပြီး သေသေချာချာ ဆေးကုသပေးခဲ့ပါတယ်။ ခွေးလေးအတော်နေကောင်းသွားတဲ့အခါ မွေးစားချင်တဲ့လူရှိရင် ခေါ်ယူမွေးစားဖို့ ထိုခွေးလေးရဲ့ ဓာတ်ပုံကို ရိုက်ပြီး အွန်လိုင်းပေါ်မှာ တင်ပေးခဲ့ပါတယ်။ အချိန်တိုအတွင်းမှာပဲ ထိုခွေးလေးရဲ့ ဓာတ်ပုံဟာ ပျံ့နှံသွားခဲ့ပြီး ၂ရက်အကြာမှာတော့ အမျိုးသမီးကြီးတစ်ယောက်က ဆက်သွယ်လာခဲ့ပါတယ်။

အဆိုပါ အမျိုးသမီးကြီးဟာ အွန်လိုင်းမှာ တင်ထားတဲ့ ခွေးလေးရဲ့ ပုံကို တွေ့ပြီး ဒီခွေးလေးဟာ လွန်ခဲ့တဲ့ ၂နှစ်ကျော်က သူပျောက်ဆုံးသွားတဲ့ ခွေးလေးနဲ့ အတော်တူတာကြောင့် ပြောဆိုပြီး လာရောက်ကြည့်ခွင့်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ သူမရဲ့ ခွေးလေးဟာ လွန်ခဲ့တဲ့ ၂၀၁၇ခုနှစ်က ခြံဝန်းထဲမှာထားရင်း အခိုးခံခဲ့ရတာဖြစ်ပြီး သူမလိုက်ရှာသေးပေမဲ့ မတွေ့ခဲ့ဘူးလို့ ဆိုပါတယ်။

တိရိစ္ဆာန်စောင့်ရှောက်ရေး ဂေဟာက ခွင့်ပြုပေးတဲ့အတွက် သူမခွေးကို လာရောက်ကြည့်ရှု့တဲ့ အချိန်မှာတော့ ခွေးလေးက သူမအပေါ် ဘယ်လို တုံ့ပြန်သလဲ ဗီဒီယိုဖိုင်ကို ကြည့်ကြည့်ရင် သိရှိနိုင်ပါတယ်။ အချိန်အကြာကြီး ကွဲကွာသွားပေမဲ့ တစ်ဦးနဲ့ တစ်ဦး မှတ်မိနေတဲ့ လူနဲ့ တိရစ္ဆာန်ကြား သံယောဇဉ်ကဘယ်လောက်ထိ ခိုင်မြဲနေသလဲဆိုတာ ဒီဗီဒီယိုဖိုင်လေးက သက်သေပါပဲ။

အခုဆိုရင်တော့ ခွေးလေးဟာ လမ်းဘေးမှာ ခက်ခက်ခဲခဲနဲ့ ဖြတ်သန်းခဲ့ရတဲ့ ဘဝက လွတ်မြောက်ပြီး သခင်နဲ့ အတူ ပြန်လည်စုံစည်းခွင့်ရခဲ့ပါပြီ။

Be the first to comment

Leave a Reply

Your email address will not be published.


*