ကိုဗစ်အပြီး ကမ္ဘာကြီးမှာဘာတွေပြောင်းလဲသွားမလဲ ခန့်မှန်းခဲ့တဲ့ Bill Gates

Microsoft ကုမ္ပဏီတည်ထောင်သူ၊ ပရဟိတအကျိုးဆောင် Bill Gates က ကိုဗစ်မတိုင်ခင်နဲ့ ကိုဗစ်အပြီး ပြောင်းလဲမှုတွေနဲ့ပတ်သက်လို့ သူ့အမြင်ကိုဝေမျှခဲ့ကြောင်း inc သတင်းစာမျက်နှာအရ သိရပါတယ်။ အောက်မှာတော့ Bill Gates ရဲ့ခန့်မှန်းပြောဆိုချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

အဝေးစနစ်နဲ့ မီတင်တွေဟာ ပုံမှန်လိုဖြစ်လာလိမ့်မယ်

ကပ်ရောဂါမတိုင်ခင်က ကိုယ်ဟာ ကိုယ့် client နဲ့ လူချင်းမဆုံဘဲ အွန်လိုင်းကနေပဲ စကားပြောမိခဲ့ရင် client စိတ်ကွက်သွားမှာ ပူပန်နေရပါတယ်။ အခုတော့ ကိုဗစ်ပြီးတဲ့အခါ ကိုယ်တိုင် ဘယ်ကိုသွားမယ်၊ ဘယ်သူနဲ့အွန်လိုင်းမှာတွေ့မယ်ဆိုတာတွေဟာ အရင်နဲ့မတူဘဲ အတွေးအခေါ်တွေ ပြောင်းလဲသွားတော့မယ်လို့ Gates က ဆိုခဲ့တာပါ။

ဆော့ဖ်ဝဲတွေအများကြီးတိုးတက်လာမယ်

လူတွေဟာ အဝေးစနစ်နဲ့ အချင်းချင်းဆက်သွယ်ပြောဆိုလာတာဟာ အသားကျလာရုံတင်မကသေး။ ဒီစနစ်အတွက်အသုံးပြုမယ့် ဆော့ဖ်ဝဲတွေဟာလည်း မြန်မြန်ဆန်ဆန်ပဲ ပိုကောင်းလာတော့မယ်လို့ ခန့်မှန်းထားပါတယ်။
ကုမ္ပဏီတွေဟာ ရုံးခန်းကို အလှည့်ကျမျှသုံးနိုင်တယ်
“ကျွန်တော့်အထင်တော့ လူတွေက ရုံးခန်းသွားရတာ နည်းသွားတယ်။ ရုံးခန်းတစ်ခန်းကို ဒီရက်တွေမှာ ဒီကုမ္ပဏီက ဝန်ထမ်းတွေအသုံးပြု၊ နောက်ရက်တွေမှာ နောက်ကုမ္ပဏီတစ်ခုက အသုံးပြု၊ အဲ့ဒါ ရုံးခန်း share တာမျိုးတွေလည်း တွေ့နိုင်ပါတယ်။” လို့ Gates က ဆိုပါတယ်။

မတူညီတဲ့နေရာတွေမှာနေထိုင်ကြလိမ့်မယ်

ရုံးလာစရာမလိုဘဲ အဝေးကအလုပ်လုပ်ရတဲ့သူတွေဟာ လူ့အဖွဲ့အစည်းကိုလည်း ပုံစံပြောင်းစေနိုင်ပါတယ်။ အထူးသဖြင့် အိမ်မှာနေပြီးအလုပ်လုပ်ရတဲ့အတွက် အိမ်ငှားနေတဲ့သူတွေတောင် အိမ်ကောင်းကောင်းမှာငှားရမ်းနေထိုင်ပြီး သက်တောင့်သက်သာနဲ့ အလုပ်လုပ်တာမျိုးတွေ ရှိနိုင်ပါတယ်။

အလုပ်မှာထက်စာရင် ကိုယ့်အသိုင်းအဝိုင်းထဲမှာပဲ အချိန်ကုန်ပိုများလာမယ်

“ကျွန်တော့်အထင်တော့ အလုပ်ကနေထိတွေ့ဆက်ဆံရတဲ့ လူမှုဆက်ဆံရေးပမာဏလျော့ကျသွားမယ်။ ဒါကြောင့် အလုပ်ပြီးတဲ့အခါ ကိုယ့်မိတ်ဆွေ သူငယ်ချင်းတွေနဲ့ တွေ့ဆုံစကားပြောနိုင်ချေ ပိုများလာမယ်။” လို့ Gates က ပြောပြပါတယ်။

လာမယ့် ကပ်ဘေးဟာ ဒီလောက်ထိတော့မဆိုးနိုင်ဘူး

Gates က နောက်လာမယ့် ကပ်ရောဂါတွေဟာ အခုချိန်လောက်တော့ မဆိုးနိုင်တော့ပါဘူးလို့ ဖြေခဲ့ပါတယ်။ အဓိကအကြောင်းရင်းကတော့ လူတွေမှာ အတွေ့အကြုံရှိပြီးသားဖြစ်တဲ့အပြင် လူတွေကို ဘယ်လိုစစ်ဆေးရမယ်၊ ဘယ်လို quarantine ထားရမယ်၊ ပြီးတော့ စစ်ဆေးတဲ့စက်ကိရိယာတွေကလည်း အများကြီးကောင်းမွန်လာမှာဖြစ်တဲ့အတွက် နောက်တစ်ကြိမ်ဆိုရင်တော့ ဒီလိုမိုက်မဲတဲ့အမှားမျိုးတွေထပ်မလုပ်နိုင်တော့ဘူးလို့ သူက ခန့်မှန်းခဲ့တာပဲဖြစ်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*