ကိုဗစ်ထိန်းချုပ်ဖို့ အဝေးပြေး ကားလိုင်းနဲ့ လေကြောင်းလိုင်းတွေ ရပ်လိုက်ပြီ

နိုင်ငံတဝန်း ကိုဗစ်ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ဖို့ ကျန်းမာရေးနဲ့ အရေးပေါ်ကိစ္စကလွဲလို့ ခရီးမသွားကြဖို့ အစိုးရက ညွန်ကြားပြီးတဲ့နောက် စက်တင်ဘာ ၁၁ ရက် ဒီကနေ့ ကနေ လကုန်အထိ အဝေးပြေးကားလိုင်းတွေနဲ့ လေကြောင်းလိုင်းတွေ ပြေးဆွဲပျံသန်းမှုကို ရပ်လိုက်ပါပြီ။

အမျိုးသားအဆင့် ကိုဗစ်ထိန်းချုပ်ရေး ဗဟိုကော်မတီက တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ မလိုအပ်ဘဲ ခရီးမသွားရအမိန့် ထုတ်လိုက်တဲ့အပြင် ရန်ကုန်တိုင်းအစိုးရကလည်း ရန်ကုန်ကပြည်သူတွေ အောက်တိုဘာ ၁ ရက်အထိ ရန်ကုန်တိုင်းပြင်ပကို ခရီးမထွက်ကြဖို့ ထပ်ဆင့်ညွှန်ကြားထားတာ ဖြစ်ပါတယ်။

ရောဂါကူးမှာစိုးလို့ ခရီးသွားလာတာကို တားမြစ်တာ နားလည်ပေမယ့် ကုန်စည်စီးဆင်းမှု မရပ်တန့်အောင် အစိုးရအနေနဲ့ တိကျတဲ့ညွှန်ကြားချက်တွေ ထုတ်ပြန်သင့်တယ်လို့ JJ Express အဝေးပြေး ခရီးသည်တင်ယာဉ်လိုင်း ပိုင်ရှင် ဦးမြင့်ဦးက ဘီဘီစီကို ပြောပါတယ်။

“ကျွန်တော်တို့တင် မကဘူး၊ ကုန်စည်ပို့ဆောင်တဲ့ ဘုရင့်နောင်က ကားသမားတွေလည်း ဒုက္ခရောက်နေကြတယ်ပေ့ါ။ ကုန်တွေပုံသွားပြီ။ ကုန်ပစ္စည်းဆိုတာ ပြတ်လို့မှ မရတဲ့ဟာ။

လူတွေကိုတားတယ်၊ ရောဂါကူးမှာစိုးလို့တားတာ လက်ခံပေးတယ်။

အခုလို သွားရနိုးနိုး၊ မသွားရနိုးနိုးကျတော့ ကျွန်တော်လည်း ကုန်တွေ လက်ခံရဲ။ ကျွန်တော် ခုနက စိုးရိမ်တာကတော့ အရေးကြီးတဲ့ ဆေးပစ္စည်းတွေ၊ ကာကွယ်ရေး ပစ္စည်းတွေ ပြတ်လပ်သွားမှာပဲ စိုးရိမ်တာပါ” လို့ ဦးမြင့်ဦးက ပြောပါတယ်။

ကုန်စည်စီးဆင်းမှု မပြတ်တောက်အောင် ယာဉ်မောင်းနဲ့အကူတွေကို ကျန်းမာရေးစစ်ဆေးပြီး မြို့တွင်း ဝင်ခွင့်ပြုဖို့ ညွှန်ကြားထား တချို့ဒေသတွေမှာတော့ မြို့တွင်းအဝင်မခံဘဲ ကုန်တွေကိုသာ မြို့တွင်းကနေ လာရောက် သယ်ယူတဲ့စနစ်ကို ဆောင်ရွက်တာလည်း ရှိနေပါတယ်။

ဒါ့အပြင် ရန်ကုန်အပါအဝင် တိုင်းနဲ့ပြည်နယ်တချို့မှာ ကုန်စည်အပေါ်မူတည်ပြီး ကားတွေကို ပေးမဝင်တာ တွေရှိနေလို့ ကိုဗစ်ထိန်းချုပ်ရေး ဗဟိုကော်မတီတွေက ဝင်ညှိနှိုင်းပေးရတဲ့ အခြေအနေတချို့လည်း ရှိနေပါတယ်။

 

တစ်ဖက်မှာလည်း ပြည်တွင်းလေကြောင်းခရီးစဉ်တွေ ရပ်လိုက်လို့ လေကြောင်းလိုင်းတွေက လက်မှတ် ဝယ်ထားတဲ့ခရီးသည်တွေကို ငွေပြန်အမ်းတာတွေ၊ ရက်ရွှေ့ပေးတာတွေ လုပ်ပေးနေပါတယ်။

“လေကြောင်းဦးစီးကနေ ရပ်ပါဆိုလို့ ကျွန်တော်တို့ ရပ်ထားတယ်။ refund တွေပြန်ပေးမယ်။ date change လုပ်ပေးမယ်” လို့ မြန်မာအမျိုးသားလေကြောင်းလိုင်း အမှုဆောင် အရာရှိချုပ် ဦးသန်းထွန်းက ဘီဘီစီကို ပြောပါတယ်။

မြန်မာအမျိုးသား လေကြောင်းလိုင်းက အောက်တိုဘာ ၂ ရက်မှာ ခရီးစဥ်တွေ ပြန်ပြေးဆွဲမယ်လို့ ကြေညာထားပေမဲ့ အပြောင်းအလဲရှိရင် အသိပေးမယ်လို့ ဆိုပါတယ်။

ပြည်တွင်းလေကြောင်းလိုင်းတွေ ခရီးစဉ် ရပ်နားထားပေမယ့် ပြည်ပရောက် မြန်မာနိုင်ငံသားတွေကို ပြန်လည် ခေါ်ယူပေးနေတဲ့ ကယ်ဆယ်ရေးလေယာဉ်တွေနဲ့ ကုန်တင်လေယာဉ်တွေကိုတော့ အစိုးရခွင့်ပြုချက်နဲ့ ဆက်လက်ပြေးဆွဲဖို့ ရှိပါတယ်။

Source: BBC

 

 

Be the first to comment

Leave a Reply

Your email address will not be published.


*